မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ် ပျက်ကျရခြင်းရဲ့ အဓိကအကြောင်းအရင်း

Wikimedia Commons

(၂၀၁၄)ခုနှစ် မတ်လ (၈)ရက်နေ့မှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ လေကြောင်း မတော်တဆမှုကြီး ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ် ပင်လယ်အတွင်းကို ထိုးဆင်းပျက်ကျခဲ့တာပါ။ ဒီလေယာဉ်ပျက်ကျမှုကို ကနဦးတုန်းက စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်လို့ ထင်ခဲ့ကြပါတယ်။

တကယ်က အဲဒီလိုမဟုတ်ပါဘူး။ လေယာဉ်ကို တာဝန်ယူမောင်းနှင်ခဲ့တဲ့ လေယာဉ်မှူးဟာ အသည်းကွဲပြီး စိတ်ဓာတ်ကျနေချိန်မှာ သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့တာလို့ The Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။ အလွန်တရာကို အတ္တကြီးမားတဲ့ လုပ်ရပ်ဖြစ်ပြီး၊ မိမိကြောင့် တပါးသော မဆိုင်သူတွေ အကုန်သေကျေခဲ့ရတာ ဖြစ်ပါတယ်။

MH370 လေယာဉ်ဟာ အခင်းဖြစ်တဲ့နေ့က KL လေဆိပ်ကနေ သာမန်ခရီးစဉ်တစ်ခုလိုပဲ စတင်ခဲ့တာပါ။ လေယာဉ်ပေါ်မှာ လူပေါင်း (၂၃၉)ဦး ပါဝင်ခဲ့ပြီး၊ ပျံသန်းချိန် (၃၈)မိနစ်မှာ လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းကို ဦးတည်ပျံသန်းတာဖြစ်ပြီး၊ (၃၈)မိနစ် နောက်ပိုင်းမှာ ထိန်းချုပ်ရေးစင်တာက အဆက်အသွယ် မရတော့ပါဘူး။

လေယာဉ်ဟာ Boeing 777 လောယာဉ်အမျိုးအစားဖြစ်ပြီး၊ အခုအချိန်ထိ ဒီလေယာဉ်ကို သဲလွန်စရှာမတွေ့တော့ပါဘူး။ လေယာဉ်ပျက်ကျလုံ သုံးနှစ်ကြာတဲ့အခါ အစိတ်အပိုင်းတစ်ချို့ အိန္ဒိယကမ်းရိုးတမ်းတချို့မှာ လာရောက်သောင်တင်နေခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာ လေယာဉ်ပျက် ရှာဖွေရေးလုပ်ငန်းကို သက်ဆိုင်ရာက ပိတ်သိမ်းလိုက်ပါတယ်။

Wikimedia Commons

တချို့ကလည်း လေယာဉ်ကို သူပုန်တွေက အပိုင်စီးနင်းခဲ့တာလို့ ထင်ကြေးပေးခဲ့ကြသလို၊ တချို့ကလည်း ရေဒါက လွတ်ကင်းတဲ့တစ်နေရာမှာ ဘေးကင်းလုံခြုံနေတယ်လို့ ဆိုကြပါတယ်။ တချို့ကတော့ လေယာဉ်မှူးက သေကြောင်းကြံစည်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်ဟာက ပိုပြီးယုတ္ထိရှိတယ်ဆိုတာ အငြင်းပွားနေကြဆဲပါ။

တန်ဇန်းနီးယား ကမ်းခြေတစ်ခုမှာ MH370 လေယာဉ်ရဲ့ တောင်ပံအပိုင်းအစတစ်ခု မျောလာခဲ့ပါတယ်။ ဒီအခါမှာ ပညာရှင်တွေအပိုင်းက ကပ္ပတိန်တာဝန်ယူခဲ့တဲ့ Zaharie Ahmad Shah ဟာ သေကြောင်းကြံစည်ခဲ့တာလို့ ကောက်ချက်ချခဲ့ပါတယ်။

Twitter/Zaharie Ahmad Shah

အပျက်အစီးကို ကြည့်ချင်းအားဖြင့် လေယာဉ်ဟာ မှန်ကန်တဲ့ ထိန်းချုပ်မှုမျိုး မလုပ်ဘဲ ဇွတ်ထိုးဆင်းခဲ့တဲ့ သဘောကို တွေ့ရတယ်လို့ Australian Transport Safety Bureau မှ အကြီးအကဲဖြစ်သူ Peter Foley က ပြောခဲ့ပါတယ်။ ဂြိုဟ်တုသက်သေတွေအရ လေယာဉ်ဟာ အခင်းမဖြစ်ခင်မှာ သတ်မှတ်မြန်နှုန်းထက် အဆပေါင်းများစွာ ပိုများနေတယ်လို့ ဆိုပါတယ်။

ကပ္ပတိန် Zaharie ဟာ ဒီအချိန်မှာ အိမ်ထောင်ရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ကို အိမ်ထောင်ကျတာ ကံကောင်းတယ်လို့ ထင်မှတ်နေပေမယ့် လင်မယား ကွာရှင်းထားပြီး၊ တစ်အိမ်တည်းမှာ အတူတူနေနေကြပါသတဲ့။ သူဟာ ဇနီးကို ပြန်ပေါင်းနိုင်ရေး အမျိုးမျိုးဆွေးနွေးခဲ့ပေမယ့် သူမက ငြင်းပယ်ခဲ့တယ်လို့ ဇနီးဖြစ်သူ Faizah Hanun က ပြောပါတယ်။

Twitter/Zaharie Ahmad Shah

သူတို့နှစ်ယောက်ရဲ့ သမီး Aishah Zaharie ကလည်း သူတို့နောက်ဆုံး စာပို့ပြီးစကားပြောစဉ်၊ ဖခင်ရဲ့ပုံစံက ထူးဆန်းနေတယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။ သူမက “ အဖေက ကျွန်မ သိခဲ့တဲ့အဖေနဲ့ မတူတော့ဘူး … သူဟာ သူရဲ့ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဆုံးရှုံးထားခဲ့တဲ့ သဘောမျိုးဖြစ်မယ် … ”လို့ ပြောခဲ့ပါတယ်။ ကပ္ပတိန် Zaharie ရဲ့ မိဘတွေကတော့ သူ့သား ပယောဂ မပါဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

Zaharie ရဲ့ သူငယ်ချင်းလည်းဖြစ်၊ ပူးတွဲလေယာဉ်မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူကတော့၊ Zaharie ရဲ့ အိမ်ထောင်ရေးက ဆိုးကြောင်း၊ Zaharie ဟာ လေယာဉ်မယ်တွေအပေါ်လည်း စည်းမစောင့်ဘဲ အတူတူ ခေါ်အိပ်ပျော်ပါးတာမျိုးရှိကြောင်း၊ ဒါကို ဇနီးက ကောင်းကောင်းသိကြောင်း ဆိုပါတယ်။

တစ်ခြားသူငယ်ချင်းတစ်ဦးကတော့ Zaharie တစ်ယောက် ဒီဖြစ်စဉ်မတိုင်ခင်မှာ အတော်လေး အထီးကျန်ဆန်နေတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင်၊ (၂)ရက်အလိုမှာ Zaharie ဟာ မူကြိုဆရာမတစ်ဦးထံကိုလည်း စာပို့ဆက်သွယ်တာတွေ ရှိခဲ့ပြီး၊ အဲဒီဆရာမကတော့ သူတို့နှစ်ယောက် ဘာမှ မပတ်သက်ဘူးလို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။

လင်းဇော်ကို

SHARE