ဟိုင်းဝေးလမ်းမှာ ဘတ်စ်ကားနောက်ပိုင်းကို တွယ်လိုက်လာတဲ့ အမျိုးသမီးရဲ့အဖြစ်မှန်

twitter/OsakaPuchiko

ဂျပန်နိုင်ငံက ဟိုင်းဝေးလမ်းမကြီးတွေမှာ အထူးအဆန်း အရာအတော်များများကို တွေ့မြင်ရတတ်ပါတယ်။ အခုလည်း အမျိုးသားတစ်ယောက်ဟာ ဘတ်စ်ကားတစ်စီးရဲ့နောက်မှာ တွဲလောင်းခိုလိုက်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံရိပ်ကို တွေ့လိုက်တာကြောင့် ရုတ်ချည်းထိတ်လန့်သွားခဲ့ပါတယ်။ တာဝန်သိပြည်သူပီပီ ၄င်းအမျိုးသမီးကို စိုးရိမ်စိတ်နဲ့ ရဲကိုတောင် ဖုန်းဆက်ခဲ့ပါသေးတယ်။ ဖုန်းဆက်ပြီးတော့ အမျိုးသမီးမျက်နှာကို သေချာမြင်ရအောင် အနားကပ်ကြည့်တဲ့အခါမှာတော့ အထင်နဲ့အမြင်လွဲနေတာကို သိခဲ့ရကြောင်း soranews24 က ဆိုပါတယ်။

၎င်းအမျိုးသားဟာ တွစ်တာအကောင့်ပိုင်ရှင် @OsakaPuchiko ဆိုသူပါ။ သူက ကန်ဆာအီနေရာမှာရှိတဲ့ ဟန်ရှင်းအဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေခဲ့တာပါ။ မောင်းနေရင်းနဲ့ တစ်ချက်မှာတော့ သူရှေ့ကို ကျော်တက်သွားတဲ့ ဘတ်စ်ကားတစ်စီးကို မြင်ပြီး လန့်သွားခဲ့ပါတယ်။

twitter/OsakaPuchiko

သူဟာ ကားနောက်မှာ ခိုစီးလာတဲ့ ကောင်မလေးတစ်ယောက်သဏ္ဏာန်ကို တွေ့လိုက်ရပါတယ်။ တွေ့ရတဲ့အတိုင်းဆိုရင်တော့ ကောင်မလေးက ခပ်ငယ်ငယ်ပါပဲ။ ဆံပင်အတိုလေးနဲ့ ရှပ်အင်္ကျီဝတ်ထားပြီး စကတ်နဲ့ ဖြစ်ပါတယ်။ ခြေထောက်မှာ အနက်ရောင်အသားကပ်ဘောင်းဘီဝတ်ထားပြီး အနီရောင်ဒေါက်မြင့်ဖိနပ်ကလေး စီးထားပါတယ်။

ဘတ်စ်ကားနဲ့ @OsakaPuchiko ရဲ့ကားနဲ့ နီးလာတာနဲ့အမျှ ကောင်မလေးဟာ ကားထဲကလူတွေကို ခေါ်ဖို့ သူမလက်တွေကို ဝှေ့ယမ်းနေတယ်လို့ @OsakaPuchiko က ယူဆခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကားချင်းကပ်လာလို့ အနီးကပ်ကြည့်တဲ့အခါမှာတော့ @OsakaPuchiko ဟာ အံ့သြသွားရပါပြီ။ အကြောင်းရင်းကတော့ ကောင်မလေးရဲ့ လက်တွေဟာ ဘတ်စ်ကားမှန်ပေါ်မှာ ဒီအတိုင်းတင်ထားတာသာ ဖြစ်ပြီး ဘာမှမဆုပ်ကိုင်ထားဘူးဆိုတာ တွေ့လိုက်ရတာကြောင့်ပါ။

တကယ်တော့ ကားနောက်မှာပြတင်းပေါက်ကိုမှီပြီး လိုက်လာတဲ့ကောင်မလေးက အရုပ်တစ်ရုပ်ဖြစ်ပါတယ်။ အရုပ်က Santa M-Class Garden ကုမ္ဗဏီပိုင် ဖြစ်ပါတယ်။ Santa M-Class Garden က သာမန်နဲ့မတူတဲ့ အရုပ်တွေကို အခြားသူတွေ တအံ့တသြဖြစ်သွားလောက်အောင် တင်ဆက်ပြသတဲ့နေရာမှာ နာမည်ကြီးပါတယ်။ အခုလည်း အနုပညာတစ်ရပ်အနေနဲ့ ကုမ္ဗဏီရဲ့ဘတ်စ်ကားနောက်မှာ အမျိုးသမီးပုံအရုပ်တစ်ရုပ်ကို တွဲကပ်ပြီးထားဖို့ Santa M-Class Garden စိတ်ကူးရခဲ့တာပါ။ ကားနောက်မှာထားတဲ့ အဲဒီအရုပ်မကို အင်္ကျီအမျိုးမျိုးလည်း လဲပေးတယ်လို့ ဆိုပါတယ်။

အရုပ်ကို ကားနောက်မှာ အခုလို ကပ်ထားတာ ညဘက်မှာလိုမျိုးမြင်ရရင်တော့ လန့်စရာကြီးပါ။ ဒါပေမယ့် အရုပ်ရဲ့ ရှေ့ပိုင်းမျက်နှာကိုလည်း ကြည့်ကြည့်ပါဦး။ နောက်ပိုင်းထက်တောင် နှစ်ဆလောက် ပိုကြောက်စရာကောင်းနေပါသေးတယ်။

Santa M-Class Garden ရဲ့အရုပ်နဲ့ပတ်သက်လို့ တစ်ချို့ကလည်း အခန့်မသင့်ရင် ကားမတော်တဆမှူတွေ ဖြစ်နိုင်တယ်လို့ ဝေဖန်ထားကြပါတယ်။ @OsakaPuchiko ကတော့ သူကြုံခဲ့ရတဲ့ ဘတ်စ်ကားက ကားနောက်မှာ အရုပ်တပ်ထားတာကလွဲရင် ယာဉ်စည်းကမ်းဖောက်ဖျက်တာမျိုးတော့ မရှိကြောင်းပြောပြပါတယ်။ သူ့အနေနဲ့ အရုပ်ကြောင့် ရုတ်တရက်လန့်သွားလို့ Santa M-Class Garden အပေါ် အပြစ်မမြင်မိပေမယ့် အရုပ်ကို သေချာမတွေ့ရခင် ရဲတွေကို ဖုန်းဆက်ခေါ်မိတဲ့အတွက် စိတ်ထဲ မကောင်းဖြစ်မိကြောင်းလည်း ဆိုခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE