Flying Taxi ခရီးစဉ်ကို ပထမဆုံး တရားဝင်စတင်လိုက်တဲ့ Airbus လေယာဉ်ကုမ္ပဏီ

Airbus.com

ဟော်လန်အခြေစိုက် လေယာဉ်တည်ဆောက်ရေးကုမ္ပဏီ Airbus ဟာ အခုဆိုရင် Flying Taxi ခရီးစဉ်ကို ပထမဆုံးအကြိမ် တရားဝင် စတင်မိတ်ဆက်လိုက်ပါပြီ။ Flying Taxi ဟာ ဟယ်လီကော်ပတာတွေ ရဟတ်ယာဉ်တွေရဲ့ တည်ဆောက်မှုပုံစံနဲ့ ကွဲပြားနေပါတယ်။

ဒီ Flying Taxi ခရီးစဉ်ကို အရင်ဦးဆုံးမြည်းစမ်းခွင့်ရခဲ့သူကတော့ ဂျာမနီနိုင်ငံ၊ Bavaria ပြည်နယ်ရဲ့ Minister President အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Markus Söder ပဲဖြစ်ပါတယ်။ သူဟာ ဂျာမနီနိုင်ငံ၊ Bavaria မှာတည်ရှိတဲ့ Airbus ရဲ့အခြေစိုက်စက်ရုံကို သွားရောက်လေ့လာခဲ့တာပါ။

Airbus.com

 Flying Taxi ရဲ့အမည်ကိုတော့ CityAirbus လို့သာ ရိုးရိုးလေးပေးထားပါတယ်။ eVTOL လို့ခေါ်တဲ့ Electric Vertical Takeoff and Landing ယာဉ်အသစ် ဖြစ်ပါတယ်။ ဇူလိုင်(၂၀)ရက်မှာ Markus Söder အတွက် သရုပ်ပြပျံသန်းပြေးဆွဲရင်း၊ အနာဂတ်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သက်သေပြလိုက်တာပါ။

တကယ်တမ်းက CityAirbus ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက စတင်ပျံသန်းခဲ့တာ ဆိုပေမယ့် ဒီမိတ်ဆက်ပြသမှုကတော့ မီဒီယာရှေ့မှောက်မှာ အများပြည်သူသိအောင် လက်တွေ့ပြသမှုအပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။

Airbus.com

CityAirbus ယာဉ်မှာ ထည့်သွင်းထားတဲ့ ဒီဇိုင်းကတော့ လေယာဉ်ကို စွမ်းအင်ပေးမယ့် Propulsion unit လေးခုပါဝင်ပါတယ်။ ယာဉ်ရဲ့ဘေးတစ်ဘက်တစ်ချက်ဆီမှာ နှစ်ခုဆီ ထည့်သွင်းတပ်ဆင်ထားတာပါ။ မော်တာ(၈)ခုနဲ့၊ ပန်ကာ (၈)ခုပါဝင်ပါတယ်။ တပ်ဆင်ထားတဲ့ မော်တာကတော့ Siemens SP200D အမျိုးအစားဖြစ်ပါတယ်။

Airbus.com

Siemens SP200D တွေဟာ တစ်နာရီ (၇၅)မိုင်နှုန်း ပေးစွမ်းမှာဖြစ်ပြီး၊ သာမန်အရပ်သုံးကားတွေထက် အနည်းငယ်ပဲ ပိုမြန်မယ့် သဘောပါ။ ဒါပေမယ့် ခြွင်းချက်ကတော့ ကားလမ်းပိတ်တာတွေ၊ ယာဉ်ကြောကျပ်တာတွေကိုရှောင်ရှားနိုင်မှာ ဖြစ်ပြီး၊ ဖြတ်လမ်းကနေ အနီးဆုံးပျံသန်းမှာဖြစ်လို့ အချိန်ကုန်လည်း သက်သာစေမှာပါ။

 

သာမန်အားဖြင့်တော့ လျပ်စစ်လေယာဉ်တွေဟာ ပျံသန်းချိန် (၁၅)မိနစ်နဲ့ မိုင်(၆၀)ဝန်းကျင်အထိသာ ပျံသန်းနိုင်မှာပါ။ သို့သော်လည်း CityAirbus ကတော့ အားကြာကြာ သွင်းထားဖို့လိုအပ်ပြီး၊ တစ်နာရီလောက်တော့ ကောင်းကောင်း မောင်းနှင်ပျံသန်းလို့ ရပါတယ်။ ဒါပေမယ့် ခရီးတိုအတွက်သာ ပိုအဆင်ပြေစေမှာ့ပါ။

ဒီ CityAirbus မှာ လူ(၄)ယောက် စီးနင်းနိုင်မှာဖြစ်ပြီး၊ AirBus ရဲ့မူလရည်ရွယ်ချက်အတိုင်း လေယာဉ်မှူးပါဝင်မှာ မဟုတ်သလို၊ အနာဂတ်မှာ အလိုလျှောက် ပျံသန်းတဲ့စနစ်နဲ့ အလုပ်လုပ်မှာပါ။ သို့သော်လည်း ကနဦးအစီအစဉ်များအရ အဝေးထိန်းခလုတ်နဲ့ မောင်းနှင်တဲ့ပုံစံမျိုး လည်ပတ်နေဦးမှာပါ။

လင်းဇော်ကို

SHARE