နံရံတွေ အမိုးအကောတွေမရှိပဲ တောင်ထိပ်မှာ တည်ဆောက်ထားတဲ့ အမိုက်စားဟိုတယ်

[email protected]_theonlystarisyou

ကျွန်တော်တို့ဘဝတစ်လျှောက်မှာ ဟိုတယ်မျိုးစုံတည်းခဲ့ဖူးကြပါတယ်။ တည်းဖူးတဲ့ ဟိုတယ်တိုင်းကတော့ နံရံတွေ၊ အမျိုးအကာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Switzerland နိုင်ငံက ဟိုတယ်တစ်ခုကတော့ ဟိုတယ်တွေထဲမှာမှ အမိုက်ဆုံးဟိုတယ်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဟိုတယ်ဟာ သဘာဝတရားကြီးရဲ့ အရသာကို အကောင်းဆုံးပေးစွမ်းနိုင်တဲ့ ဟိုတယ်တစ်ခုဖြစ်တာကြောင့်မို့လို့ပါပဲ။ ဒါ့အပြင် အဆိုပါဟိုတယ်ဟာ နံရံတွေ၊ အမိုးအကာတွေမရှိတဲ့ ရှားရှားပါးပါး ဟိုတယ်တစ်ခုဖြစ်ကြောင်း Travel Leisure သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါဟိုတယ်ဟာ Switzerland နိုင်ငံ၊ Gonten ဒေသမှာတည်ရှိပြီး ဟိုတယ်နာမည်ကတော့ Null Stern Hotel ပဲ ဖြစ်ပါတယ်။ Null Stern ဆိုတဲ့ အဓိပ္ပာယ်ဟာ ဂျာမနီလိုဆိုရင်တော့ “Zero Stars”လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် ဟိုတယ်ပုံစံလေးကတော့ ကြယ်ငါးပွင့်ဟော်တယ်တွေထက်တောင် တော်တော်ကောင်းမယ့်ပုံပါပဲ။

အရင်တုန်းကတော့ အဆိုပါ ဟိုတယ်လေးဆောက်ထားတဲ့နေရာက နျူကလီးယား ဗုံးခိုကျင်းတစ်ခုပါပဲ။ နောက်ပိုင်းခေတ်တွေပြောင်းလာတာနဲ့အမျှ အဆိုပါ ဗုံးခိုကျင်းလေးဟာ အခုလို အမိုက်စားဟိုတယ်လေးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့တာပဲ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ထူးခြားချက်ကတော့ တောင်ထိပ်ပေါ်မှာတည်ဆောက်ထားပြီး အခန်းတစ်ခန်းပဲရှိတဲ့ ဟိုတယ်လေးပါ။ ဒီလို အခန်းတစ်ခန်းထဲ ရှိတယ်ဆိုပေမယ့် အဲဒီအခန်းလေးတစ်ခန်းဟာ အမြဲတမ်း ဘွတ်ကင်လုပ်ထားတဲ့သူတွေနဲ့ ပြည့်နေကြောင်း သိရပါတယ်။

“ဘဝတစ်လျှောက်တည်းခဲ့ဖူးသမျှ ဟိုတယ်တွေနဲ့ လုံးဝမတူတာက ဒီဟိုတယ်မှာ သဘာဝတရားကြီးနဲ့ အရမ်းထိတွေ့ခွင့်ရတယ်။ ညဖက်အိပ်တဲ့အချိန်ဆို ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေကို လိုက်ကြည့်နေတာနဲ့တင်တော်ရုံနဲ့ အိပ်မပျော်ပါဘူး။ တောင်ထိပ်မှာဆိုတော့ လေကလည်း တဖြူးဖြူးတိုက်တယ်။ လုံးဝအမိုက်စားပဲ။ နောက်တစ်ခါထပ်တည်းဖို့တောင် check out လုပ်ပြီး booking ထပ်တင်ထားပါသေးတယ်” လို့ Null Stern Hotel မှာ တည်းခဲ့ဖူတဲ့ Jason Mike Rythan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE