လေယာဉ်မယ်အလုပ်ရလို့ မပျော်ရသေးခင်၊ ကံဆိုးစွာ ဘဝကူးသွားခဲ့ရတဲ့ ကောင်မလေး

Facebook/RachelClark

အသက်(၂၀)အရွယ် လေယာဉ်မယ်အသစ်ကလေး Rachel Clark ဟာ လုပ်ဖော်ကိုင်ဘက် နှစ်ဦးဖြစ်တဲ့ Dominic Fell (၂၃)နှစ်နဲ့ Joe Finnis (၂၅)နှစ်တို့နဲ့အတူ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့က ကားမတော်တဆမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရပါတယ်။ Rachel တို့ စီးနင်းလာတဲ့ကားဟာ လော်ရီကားကြီးနဲ့ တိုက်မိခဲ့တာဖြစ်ပြီး၊ သူမကတော့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

Rachel ဟာ သူမ အလွန်သဘောကျတဲ့ လေယာဉ်မယ်အလုပ်ကိုရတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ သူမဟာ အလုပ်ရလျှင် ရချင်းပဲ လူမှုကွန်ရက်မှာ ယူနီဖောင်းအသစ်နဲ့ ဂုဏ်ယူစွာတင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့အပျော်ဟာ အကြာကြီး မခံပါဘူး။ ဟီးသရိုးလေးဆိပ်အနီးမှာ သူမတို့စီးလာတဲ့ကားဟာ (၈၀)mph နဲ့မောင်းလာတဲ့ လော်ရီကားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။

Facebook/RachelClark

သူမဟာ BA လေကြောင်းလိုင်းမှာ စတင်တာဝန်ထမ်းဆောင်တာ တစ်လသာ ရှိသေးချိန် အခုလို အဖြစ်ဆိုး ကြုံခဲ့တာဖြစ်ပြီး၊ BA ရဲ့တာဝန်ရှိသူတွေကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ သူမဟာ ပြီးခဲ့တဲ့တစ်လလောက်က ယူနီဖောင်းအသစ်လေးဝတ်ပြီး လူမှုကွန်ရက်ပေါ်မှာ-

“ အခုဆိုရင် (၆)ပတ်လောက်ပဲ ရှိသေးတယ် … ကျွန်မကို ဝန်းရံအားပေးသူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ် … နောက်ပြီး ဒီရက်သတ္တပတ်တွေအတော်အတွင်း ကျွန်မကို ခံနိုင်ရည်ရှိအောင် အားပေးခဲ့ကြတဲ့ ဒီလူအုပ်စုကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ် ”လို့ ရေးခဲ့ပါတယ်။

ယာဉ်တိုက်မှုမှာ အသက်(၂၅)နှစ်အရွယ် အခြားလူတစ်ဦးကတော့ ဆေးရုံမှာ အရေးပေါ်တက်ရောက်နေရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုဟာ ပြင်းထန်လွန်းတဲ့အတွက် အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့၊ ဘယ်သူဘယ်ဝါအတည်ပြုနိုင်ဖို့အတွက် ရဲက လေကြောင်းတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ရပါသတဲ့။

Facebook/RachelClark

လော်ရီကားဆရာကတော့ Dnata ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး၊ အဲဒီကုမ္ပဏီဟာ လေကြောင်းဝန်ဆောင်မှု ထောက်ပံ့ရေးတွေ ပူးတွဲလုပ်ဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သေဆုံးသူနှစ်ဦးအနက် တစ်ဦးကတော့ အင်ဂျင်နီယာမန်နေဂျာဖြစ်ပြီး၊ အခြားတစ်ဦးကတော့ လေကြောင်းလိုင်းဝန်ထမ်းပါ။ သူရဲ့အမြွှာညီက နိုင်ငံခြားမှာရှိနေပြီး အခင်းဖြစ်ချိန်ထိ သူ့ကို အသိမပေးရသေးဘူးလို့ သိရပါတယ်။

ဒီမတော်တဆမှုဟာ နှစ်သစ်ကူးအကြိုနေ့ည (၁၁.၃၀)နာရီလောက်မှ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်စဉ်ကြောင့် ဘယ်သူ့ကိုမှ ဖမ်းဆီးစစ်ဆေးတာမျိုး မလုပ်သေးပါဘူး။ လက်ရှိအချိန်ထိ ကားမတော်တဆမှုမှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဝေဖန်ပိုင်းခြားရ ခက်နေလို့ CCTV နဲ့ ကားရဲ့ Dashcam တွေကို ရဲဘက်က စစ်ဆေးနေဆဲလို့ သိရပါတယ်။

လင်းသူရိန်

SHARE