ကျူးဘားခေါင်းဆောင် ဖီဒယ်ကက်စထရိုရဲ့ နောက်ဆုံးနေ့စွဲများ ……..

Wikimedia Commons

ဖီဒယ်က်စထရိုဟာ ကျူးဘားမှာတော့ သူ့ခေတ်သူ့အခါ လျှမ်းလျှမ်းတောက်အောင် သြဇာတိက္ကမ ကြီးခဲ့သူပါ။ ကျူးဘားမှာ တော်လှန်ရေးလုပ်ငန်းတွေနဲ့ စတင်ထင်ပေါ်လာခဲ့သူဖြစ်ပြီး၊ အာဏာလက်ကိုင်ရချိန်မှာတော့ တစ်ချက်လွတ် လုပ်ဆောင်ချက်တွေ၊ စင်ပြိုင်နိုင်ငံရေးသမားတွေကို အကြောင်းအမျိုးမျိုးပြ ဖိနှိပ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အာဏာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ကက်စထရိုဟာ (၂၀၁၆)ခုနှစ် နိုဝင်ဘာလ(၂၅)ရက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးချိန်မှာ အသက်(၉၀)အထိ ရှိနေပါပြီး။ သူဟာ သမ္မတရာထူး၊ ဝန်ကြီးချုပ်ရာထူး၊ ကာကွယ်ရေးဦးစီးချုပ်ရာထူး စတဲ့ရာထူးတွေမှာ စိတ်ကြိုက်ကျင်လည်ခဲ့ပြီး၊ (၂၀၀၈)ခုနှစ်မှာ ညီဖြစ်သူ. ရာအူးကက်စထရိုကို ရာထူးလွှဲပေးခဲ့ပါတယ်။

ရာထူးလွှဲမပေးခင် စပ်ကြားမှာ သူဟာ ကျူးဘားကို နှစ်ပေါင်း(၅၀)လောက် အုပ်ချုပ်ခဲ့သူဖြစ်ပြီး၊ အာဏာစတင်ရရှိချိန်က လူထုထောက်ခံမှု ရရှိခဲ့သော်လည်း၊ နောက်ပိုင်းမှာတော့ အာဏာလက်ဝါးကြီးအုပ်လိုတဲ့ လောဘတရားကြောင့် နိုင်ငံရေးသမားတွေအပေါ် ရက်စက်စွာ ကိုင်တွယ်မှုတွေ၊ ပြည်သူတွေကို ဖိနှိပ်ခဲ့မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

သူသေဆုံးတော့ အမေရိကန်ရောက် ကျူးဘားတွေဟာ ပျော်ပွဲရွှင်ပွဲတွေကျင်းပကာ အောင်ပွဲခံခဲ့ပေမယ့် ကမ္ဘာသိပုဂ္ဂိုလ်တော်တော်များများကတော့ ကွန်မြူနစ်ခေါင်းဆောင် သေဆုံးမှုကို ဝမ်းနည်းကြောင်း၊ သဝဏ်လွှာတွေ၊ ဂုဏ်ပြုစကားတွေနဲ့ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတာ မှတ်မိနေကြဦးမယ်ထင်ပါတယ်။

ကက်စထရိုဟာ ငယ်ငယ်က ရှေ့နေတစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့ပေမယ့် ညီဖြစ်သူ ရာအူးနဲ့ စစ်တန်းလျှားတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တော်လှန်ရေးသမားဘဝ ရောက်ခဲ့ပါတယ်။ ထောင်ဒဏ်ကျခံရပြီးနောက် မက္ကဆီကိုမှာ ခြေကုပ်ပြန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဆရာကြီးချီလို့ တင်စားကြတဲ့ အာဂျင်တိုင်း တော်လှန်ရေးသမား ချီဂွေဗားရားနဲ့ ပေါင်းမိပြီး၊ ပြည်တော်ပြန် မျက်နှာပန်းလှခဲ့ပါတယ်။

ခေါင်းဆောင်ချီ  တော်လှန်းရေးလုပ်ငန်းများ လျှမ်းလျှွှမ်းတောက် အောင်မြင်ချိန်မှာ ကျူးဘားဝန်ကြီးချပ်အဖြစ် ကက်စထရိုက နေရာရခဲ့ပါတယ်။ ခေါင်းဆောင်ချီ လုပ်ကြံခံရပြီး နောက်ပိုင်းမှာတော့ အာဏာစင်ပြိုင်မရှိတော့ဘဲ ကျူဘားရဲ့သက်တော်ရှည် ခေါင်းဆောင်ကြီး ဖြစ်လာပါတော့တယ်။ သူသမ္မတဖြစ်ချိန်မှာ အဆိုးရွားဆုံးရက်စက်မှုကတော့ ပြိုင်ဘက် (၅၈၂)ဦးကို အရှင်ဖမ်းပြီး သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာပါ။

သတင်းမီဒီယာတွေကို ပိတ်ပစ်ပြီး Gay တွေကို စခန်းသွင်းပြီး ယောက်ျားပီသရမယ်ဆိုပြီး သင်တန်းတွေ ပေးပါတယ်။ HIV ဖြစ်နေသူတွေကို သီးခြားနေထိုင်စေပါတယ်။ (၁၉၆၂)မှာ ရုရှားနယူကလီးယားအခြေစိုက်စခန်းဖွင့်ဖို့ သူ့နိုင်ငံကို ဖိတ်ခေါ်ကာ အမေရိကန်ကို ဗြောင်ကျကျရန်စခဲ့ပါတယ်။ နောက်ပိုင်းတော့ အဲဒီစစ်စခန်းကို ရုရှားက ဖျက်သိမ်းသွားပါတယ်။

ကက်စထရိုဟာ ပထမဇနီး Mirta Diaz Balart နဲ့ သားတစ်ယောက်ရရှိခဲ့ပြီး၊ (၁၉၅၆)ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် အနှစ်(၄၀)ကြာ လက်တွဲခဲ့တဲ့ Dalia Soto del Valle နဲ့ သားငါးယောက်အထိ ရယူခဲ့ပြီး၊ (၁၉၈၀)မှာ တရားဝင်လက်ထပ်ပွဲ ကျင်းပခဲ့တာပါ။ သူ့မှာ Cayo Piedra အမည်ရ ကိုယ်ပိုင်ကျွန်းလည်း ရှိပြီး၊ ဇိမ်ခံရွက်လှေကြီးရဲ့အမည်ကတော့  Aquarama II လို့ သိရပါတယ်။

လုပ်ကြံလိုသူတွေ ပေါလွန်းလို့ သူရဲ့ ရှုးဖိနပ်ထဲမှာ သေနတ်အမြဲပါသလို၊ လက်စွဲတော်အပါးတော်မြဲ သက်တော်စောင့်(၁၀)ယောက်မပါဘဲ ဘယ်မှ မသွားဘူးလို့ ဆိုပါတယ်။ နောက်ပြီး သူနဲ့အတူ သွေးအလှူရှင်နှစ်ဦးက အမြဲပါဝင်ပါတယ်တဲ့။ လုပ်ကြံခံရလို့ သွေးလိုအပ်ရင် အဆင်သင့် ယူဖို့ဖြစ်ပါတယ်။

သူသေဆုံးကြောင်းကို အာဏာလွှဲပြောင်းရယူသူ ရာအူးကက်စထရိုကိုယ်တိုင် ရုပ်မြင်သံကြားကနေ ကြေညာခဲ့တာပါ။ သူ ဘာကြောင့်သေသလဲဆိုတာ လူတိုင်းစိတ်ဝင်စားပေမယ့် သူဟာ (၂၀၀၈)ခုနှစ်ကတည်းက ကျန်းမာရေးဆက်တိုက် ချို့ယွင်းလာခဲ့သူဖြစ်ပါတယ်။ သွေးရိုသားရိုး သေဆုံးတာဖြစ်နိုင်ပြီး၊ အူမကြီးနဲ့ သက်ဆိုင်တဲ့ရောဂါကြောင့် သေဆုံးတာလို့လည်း ယူဆနေပါတယ်။

ကက်စထရိုသေဆုံးတော့ (၉)ရက်ကြာ ဈာပနအခမ်းအနား ကျင်းပပေးခဲ့ပါတယ်။ အဲဒီအတောအတွင်း အရက်သေစာသောက်စားမှု၊ ရောင်းချမှု၊ ပျော်ပွဲရွှင်ပွဲ အားကစားပွဲကျင်းပခြင်းတွေကို တားမြစ်ခဲ့ပါတယ်။ ကက်စထရို မကြာခဏ မိန့်ခွန်းပြောလေ့ရှိတဲ့ Plaza of the Revolution မှာ လူတွေစုရုံကြပြီး၊ သူ့အလောင်းကိုလည်း ပြာဖြစ်အောင် မီးသဂြိုဟ်ခဲ့ပါတယ်။

ပြာတွေကို Havana ကနေ Santiago အထိ ပြည်သူတွေဂုဏ်ပြုရအောင် လှည့်လည်ပြသခဲ့ပါတယ်။ အဲဒီနယ်မြေတွေဟာ ကက်စရိုညီနောင် တော်လှန်ရေးအောင်ပွဲတွေ ဆွတ်ခူးရာနယ်မြေတွေ ဖြစ်ပါတယ်။ Plaza “Antonio Maceo’ မှာ ခရီးစဉ်အဆုံးသတ်ပြီး၊ Santa Ifigenia Cemetery မှာ အမှတ်တရ ဂူသွင်းမြှုပ်နှံခဲ့တာဖြစ်ပါတယ်။

လင်းသူရိန်

SHARE