ကမ္ဘာကြီးကို သီချင်းဆိုတတ်အောင် သင်ပေးခဲ့တဲ့ Daisuke Inoue ရဲ့ ရင်နင့်ဖွယ် နစ်နာမှု

YoiuTube_CBSNews

ကာရာအိုကေဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ကျွန်တော်တို့တစ်တွေ ငယ်ငယ်က မိုက်ကရိုဖုန်းလုပြီး သီချင်းဆိုခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ကောင်းကောင်းမှတ်မိနေကြပါလိမ့်မယ်။ ကာရာအိုကေဟာ တစ်ခေတ်ဆန်းခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဆက်လက်အသုံးပြုနေဆဲပါ။ ခေတ်အမျိုးမျိုးပြောင်းသွားတဲ့အတွက် အရင်ဆုံး အခပေးစနစ်နဲ့ အောင်မြင်ခဲ့ပါတယ်။ နောက်တော့ အိမ်သုံးစနစ်၊ အဲဒီကနေမှ အခန်းပုန်း ကာရာအိုကေစနစ်ဆိုပြီး အဆင့်ဆင့် ပြောင်းသွားခဲ့တာပါ။

ဒီကာရာအိုကေစက်ကို မူလတီထွင်ခဲ့သူကတော့ Daisuke Inoue ဖြစ်ပါတယ်။ သူဟာ ကမ္ဘာကျော်အိမ်သုံးပစ္စည်းကို တီထွင်နိုင်ခဲ့တာတောင် သူ့ကိုယ်သူ တီထွင်သူလို့ မယူဆပါဘူး။ ဒီလို နှိမ့်ချလွန်းလို့လည်း သူဟာ ချမ်းသာရမယ့်အစား သာမန်လူနေမှုဘဝမှာ ကျင်လည်နေရဆဲဖြစ်ပါတယ်။ သူ့ကို ဂျပန်ဂီတပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်လို့ သိထားကြပါတယ်။

Twitter_SCMP

Daisuke Inoue ဟာ အသက်(၈၀)ဖြစ်ပါတယ်။ ကာရာအိုကေစက်ကို တီထွင်နိုင်ခဲ့ပေမယ့် မူပိုင်ခွင့်မတင်ခဲ့မိတဲ့ ပညာရှင်ပါ။ ဆိုရရင် သူသာ မူပိုင်ခွင့်တင်ခဲ့မယ်ဆိုပါက လက်ရှိအချိန်ဆို သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။ သူ မူပိုင်ခွင့်မတင်ခဲ့ခြင်းအကြောင်းကိုလည်း ရိုးရိုးသားသား ပြောခဲ့ပါသေးတယ်။ နောင်တတွေနဲ့ Daisuke Inoue က-

“ အဲဒီအချိန်တုန်းက ကျွန်တော်တွေးမိတာက .. မူပိုင်ခွင့်ဆိုတာ မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ တီထွင်မှုတွေအတွက်ပဲလို့ ထင်ခဲ့တာပေါ့ .. ပြောရရင် ဘာမှမဟုတ်တဲ့အရာကနေ တစ်ခုခု ထုတ်လုပ်ပေးတဲ့ဟာမျိုးမှ တင်သင့်တာလို့ တွေးခဲ့တာ … ပထမဆုံးလုပ်လိုက်တဲ့ ကာရာအိုကေစက်ဆိုရင် ရှိပြီးသား အီလက်ထရွန် အစိတ်အပိုင်းတွေကို အတူတကွ ပေါင်းစည်းပေးတဲ့အဆင့်ပဲ ရှိတယ် … ဒီတော့ ပြောရရင် ဒါကို တီထွင်မှုလို့ ကျွန်တော်က ဘယ်တုန်းကမှ မတွေးခဲ့ဘူး ”လို့ ပြောပါတယ်။

Twitter_TheAtalantic

သူရဲ့စက်ကိုတော့ Juke 8 လို့အမည်ပေးခဲ့ပြီး၊ ထိုခေတ်ထိုအခါကသာ အမြင်ကျယ်ကျယ်နဲ့ မူပိုင်ခွင့်တင်ခဲ့မယ်ဆိုရင်၊ သူ့အနေနဲ့ ငွေတွေ ထားစရာရှိမှာ မဟုတ်ပါဘူး။ နောက်ပြီး၊ သူ့အနေနဲ့ သူတီထွင်လိုက်တဲ့အရာက ကမ္ဘာတဝှမ်း လူကြိုက်များလာလိမ့်မယ်လို့လည်း မတွေးခဲ့မိဘူးလို့ ဆိုပါတယ်။ ဒီအချက်ကြောင့်လည်း သူဟာ အဲဒီအခွင့်ရေးကို လွဲခဲ့ရတာပါ။

သူ့အနေနဲ့ မူပိုင်ခွင့်သာတင်ခဲ့မယ်ဆိုရင် ယမန်နှစ်တစ်နှစ်တည်းမှာပင် မူပိုင့်ခွင့်အခကြေး ဒေါ်လာသန်း(၁၀၀)အထိ အမြတ်အစွန်း ရရှိနိုင်ကြောင်း သိရပါတယ်။ တစ်ဖက်ကနေ တွက်မယ်ဆိုရင် မူပိုင်ခွင့်မတင်ခဲ့ရလို့ ရမယ့်ပိုက်ဆံတွေမရဘဲ နစ်နာခဲ့ရတာပါ။ သူဟာ (၁၉၇၁)ခုနှစ်မှာ ကာရာအိုကေစက်ကို တီထွင်နိုင်ခဲ့တာဖြစ်ပြီး၊ အဲဒီကတည်းကသာ မူပိုင်ခွင့်တွေအတွက် ထိုက်တန်တဲ့ အခကြေးငွေ ရခဲ့မယ်ဆိုရင် အခုဆို ဘီလျံနာကြီး ဖြစ်နေလောက်ပါပြီ။ သူရဲ့တီထွင်မှုဟာ လာမယ့်နှစ်မှာ အနှစ်(၅၀) ပြည့်မြောက်မှာ ဖြစ်ပါတယ်။

လင်းသူရိန်

SHARE