ရင်တထိတ်ထိတ်ဖြစ်စေမယ့် Full Glass အမျိုးအစား တံတားအသစ်ကြီး တရုတ်မှာ ဖွင့်လှစ်ပြီ

Twitter/Sportswaveander

တရုတ်နိုင်ငံ၊ Lianzhou မှာတည်ရှိတဲ့ Huangchuan Three Gorges Scenic Area မှာ အခုဆိုရင် ဂင်းနစ်စံချိန်ဝင် မှန်အပြည့်တပ်ဆင်ထားတဲ့ မှန်တံတားကြီးကို အာဏာပိုင်တွေက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ တရုတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီတံတားကြီးဟာ မှန်တံတားထဲမှာတော့ အရှည်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတံတားကြီးးရဲ့ ပေအရှည်မှာ (၁၇၂၆)ပေရှိပြီး၊ ပြီးခဲ့တဲ့ဇူလိုင်(၁၈)ရက်က အများပြည်သူ သွားရောက့်လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးလိုက်တာပါ။ ဂင်းနစ်စံချိန်ဝင်လို့ သတင်းတွေက ဖော်ပြနေကြသော်လည်း လက်ရှိအချိန်ထိ ဂစ်နစ်အဖွဲ့မှာ စစ်ဆေးသူတွေဟာ စစ်ဆေးနေဆဲအဆင့်သာ ရှိပါသေးသတဲ့။

ဒီတံတားကြီးဟာ Lianjiang မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ တံတားခံနိုင်ရည်ကလည်း အံ့မခန်းဖြစ်ပြီး တစ်ချိန်တည်းမှာ လူ(၅၀၀)ရဲ့ဝန်ကို ခံနိုင်ရည် ရှိပါတယ်။ အဆိုပါ တံတားမှာ ခြေလျှင်ဖြတ်သန်းသူတွေကိုသာ ခွင့်ပြုမှာဖြစ်ပြီး၊ အဲဒီမှာ အသည်းယားဖွယ်ရာ အမြင့်ခုန် Bungee jumping လည်း မြည်းစမ်းခွင့် ရမှာဖြစ်သလို၊ Zip line အတွေ့အကြုံလည်း ခံစားနိုင်ပါမယ်။

ဖတ်ရှင်ကုမ္ပဏီတွေက ကမ်းလှမ်းလာပါက Catwalk တွေဘာတွေလည်း ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ တံတားကိုအသုံးပြုထားတဲ့ မှန်သားတွေဟာ Laminated နည်းနဲ့ အထူးဖန်တီးထားတဲ့ မှန်သားတွေဖြစ်ပြီး၊ (၃)လွှာအထိ အသုံးပြုထားပါတယ်။ တစ်လွှာချင်းဆီမှာ (၄.၅)စင်တီ သို့မဟုတ် (၁.၇၇)လက်မအထူရှိပြီး၊ ထွင်းဖောက်မြင်မှုအပိုင်းမှာတော့ (၉၉.၁၅)အဆင့်ထိ ရှိပါတယ်။

တံတားဖွင့်ပွဲကို ဒေသခံကားကုမ္ပဏီ GAC က စပွန်ဆာပေးခဲ့ပြီး၊ သူရဲ့ SUVs ယာဉ်အသစ်ဖြစ်တဲ့ Trumpchi GS8 ကားကိုလည်း မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။ အဆိုပါကုမ္ပဏီဟာ တံတားဖွင့်ပွဲမှာ Trumpchi GS8 ကားနှစ်စီးနဲ့ တံတားရဲ့ဟိုဘက်ကမ်းသည်ဘက်ကမ်းကို မောင်းပြခဲ့ပြီး တံတားရဲ့ခံနိုင်ဝန်ကို သက်သေပြခဲ့ပါတယ်။

Trumpchi GS8 ကားတွေဟာ (၄)တန်စီအလေးချိန်ရှိကြပါတယ်။ ဒီတံတားကြီးကို တည်ဆောက်ဖို့ တရုတ်ယွမ် သန်း(၃၀၀)အထိ အကုန်အကျခံထားပြီး၊ (၃)နှစ်အချိန်ယူ တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ အခုနှစ် ဇန်နဝါရီလမှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပြီးသတ်နိုင်ခဲ့ပြီး၊ ကိုဗစ်ကြောင့် အခုမှ ဖွင့်လှစ်နိုင်ခဲ့တာပါ။

လင်းသူရိန်

SHARE