LA ရောက်နေတဲ့ ဟယ်ရီတို့ ဇနီးမောင်နှံရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဘူး ပြောခဲ့တဲ့ ထရမ့်ပ်

instagram/realdonaldtrump instagram/sussexroyal

တနင်္ဂနွေနေ့တုန်းက အမေရိကန်သမ္မတ ထရမ့်ပ်ဟာ သူ့နိုင်ငံထဲရောက်နေတဲ့ မီဂန်မာကယ်နဲ့ မင်းသားဟယ်ရီတို့အတွက် လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဆော့ဆက်စ်မြို့စားမောင်နှံတို့က ထရမ့်ပ်ကို ပြန်လည်ချေပပြောဆိုခဲ့ကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ ဆော့ဆက်စ်မောင်နှံတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးကတော့ မီဂန်နဲ့ ဟယ်ရီဟာ သူတို့ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သီးသန့်စီစဉ်ထားတာတွေ ရှိကြောင်းနဲ့ အမေရိကန်ဆီ ရန်ပုံငွေ တောင်းဆိုဖို့ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောသွားပါတယ်။

အမေရိကန်သမ္မတက ဆော့ဆက်စ်မောင်နှံဟာ ၄င်းတို့ကို စောင့်ရှောက်ပေးနေတဲ့ ကနေဒါရဲတပ်ဖွဲ့တွေရှိရာ ဗန်ကူးဗားကနေ နယ်စပ်ကိုဖြတ်ပြီး လော့စ်အင်ဂျလိစ်ကို ရောက်လာကြတဲ့အတွက် ၄င်းတို့လုံခြုံရေးအတွက် ကိုယ်ရံတော်ငှားရမ်းခတွေကို ကိုယ်တိုင်ပဲပေးသင့်တယ်ဆိုပြီး ပြောခဲ့တာပါ။

တနင်္ဂနွေနေ့တုန်းက တွစ်တာပေါ်မှာတော့ “ကျွန်တော်ဟာ ဘုရင်မကြီးနဲ့ အင်္ဂလန်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ကျွန်တော်သိရတာက ဟယ်ရီနဲ့ မီဂန်တို့က အင်္ဂလန်ကနေ ထွက်လာပြီး ကနေဒါမှာ အခြေချနေတော့မယ် ကြားတယ်။ အခု သူတို့က ကနေဒါကနေထွက်လာပြီး အမေရိကန်ကို လာနေကြတယ်။ ဒါပေမဲ့ အမေရိကန်က သူတို့လုံခြုံရေးအတွက် စရိတ်စိုက်ပေးမှာမဟုတ်ဘူးနော်။ သူတို့ဘာသာပဲ ပေးရမယ်..” လို့ ဆိုခဲ့တာပါ။

ဆော့ဆက်စ်မောင်နှံတို့ရဲ့ လုံခြုံရေးအတွက် တာဝန်ယူသူတွေထဲမှာ အမေရိကန်နဲ့အင်္ဂလန်တို့က ကျွမ်းကျင်ပြီးအရည်အချင်းရှိတဲ့ ဗြိတိန်အမှုထမ်းကိုးဦးပါဝင်ပါတယ်။ သူတို့တွေကို ငှားရမ်းခ စရိတ်ဟာ တစ်နှစ်ကို ပေါင်(၈) သန်းရှိပါတယ်။ ဒီစရိတ်ကိုတော့ ဗြိတိသျှရဲတပ်ဖွဲ့နဲ့ တော်ဝင်ကနေဒါရဲတပ်ဖွဲ့တို့က စရိတ်တွေမျှခံပေးမှာ ဖြစ်ပါတယ်။

READ
ဖမ်းဝရမ်းပန်းချီပုံအရ ဗြိတိန်အလှဆုံး ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခံရတဲ့ အမျိုးသမီး

အချို့သိရတဲ့သတင်းတွေမှာတော့ ဟယ်ရီနဲ့မီဂန်တို့ဟာ အမေရိကန်က လျှို့ဝှက်တပ်ဖွဲ့ရဲ့အကူအညီကို လိုချင်တယ်ဆိုရင် သမ္မတရုံးဆီ အဆိုတင်သွင်းကြည့်သင့်ကြောင်း အကြံပေးတဲ့ သတင်းတွေ ထွက်လာပါသေးတယ်။ ဒါပေမဲ့လည်း ထရမ့်ပ်က အမေရိကန်ဟာ သူတို့နှစ်ယောက်ရဲ့လုံခြုံရေးစရိတ်ကို လုံးဝမကူညီနိုင်ပါဘူးဆိုပြီး ပြတ်ပြတ်သားသား ကြေညာခဲ့တာပါ။ ထရမ့်ပ်ရဲ့ အခုလိုကြေညာချက်အပြီးမှာတော့ မီဂန်နဲ့ ဟယ်ရီတို့က သူတို့မှာလည်း သူတို့ဘာသာ သူတို့ စီစဉ်ထားတာရှိတယ်၊ သမ္မတအကူအညီမလိုဘူးဆိုပြီး ခွန်းတုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE