ထောင်ဖောက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသမီးအကျဉ်းသူ၊ ခပ်ကြမ်းကြမ်းနဲ့ ဇာတ်သိမ်းခဲ့ရ

MONTGOMERY COUNTY JAIL

အမေရိကန် အိုဟိုင်းယိုးပြည်နယ်၊ Miamisberg မြို့ Montgomery County Jail အကျဉ်းထောင်ကနေ အမျိုးသမီးအကျဉ်းသူတစ်ယောက် ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ အကျဉ်းသူရဲ့နာမည်ကတော့ Jessica Boomer-shine လို့ သိရပါတယ်။

Jessica ဟာ ထောင်ဖောက်ပြေးဖို့ ကြိုးစားမှုမှာ မအောင်မြင်ဘဲ ပြန်အဖမ်းခံခဲ့ရပါတယ်။ သူမဟာ ထောင်ဝင်စာလာတွေ့သူတွေရဲ့ဧည့်ခန်းမျက်နှာကျက်ကနေ အလျှားလိုက်ဝင်ပြီး၊ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။

MONTGOMERY COUNTY JAIL

Jessica ရဲ့ ထောင်ဖောက်မှုကိုတော့ သတင်းမီဒီယာတွေက ထောင်ဖောက်မှုတွေမှန်သမျှထဲမှာ အဆိုးဆုံးဆိုပြီး ဖော်ပြနေကြပါတယ်။ အသက်(၄၂)နှစ်အရွယ် Jessica ဟာ အမျိုးသားအဖော်တစ်ယောက်နဲ့အတူ နေအိမ်ဖောက်ထွင်းမှု၊ (၈၅)နှစ်အရွယ် အဖိုးအိုကြီးကို ညှဉ်းပန်းနှိပ်စက်ခဲ့မှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အခုအဖြစ်အပျက်မှာလည်း ဧည့်ခန်းထဲမှာထိုင်နေတဲ့ Jessica ဟာ စိတ်ကူးရပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမဟာ ထိုင်ခုံတစ်လုံးကို အသုံးပြုပြီး မျက်နှာကျက်ကို ရိုက်ဖွင့်ခဲ့ပါတယ်။ သူမရဲ့လုပ်ရပ်ကို တစ်ခြားဘဝတူ အကျဉ်းသားတွေကလည်း ကြောင်စီစီနဲ့ ကြည့်နေကြပါတယ်။

MONTGOMERY COUNTY JAIL

မျက်နှာကျက်ရဲ့ အပိုင်းအစတစ်ချို့ ပြုတ်ကျလာပြီးနောက် သိပ်မကြာမီမှာပဲ ထောင်လုံခြုံရေးတွေ အမြန်ရောက်လာခဲ့ပြီး သူမကို အမြင့်ကနေ ဆွဲချခဲ့ပါတယ်။ Jessica ဟာ အမြင့်ကနေ အမှိုက်ပုံးပေါ်တည့်တည့်ကို ပြုတ်ကျခဲ့တာဖြစ်လို့သာ ကံကောင်းသွားတာပါ။ မဟုတ်ရင် ဒဏ်ရာ ပြင်းထန်စွာ ရသွားနိုင်ပါတယ်။

Jessica ဟာ ဇန်နဝါရီ (၂၁)ရက် ရုံးချိန်းမတိုင်ခင်မှာ အခုလို ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။ အခုဆိုရင် သူမဟာ ထောင်ဖောက်မှုနဲ့ နိုင်ငံတော်ပိုင် ပစ္စည်းကို ပျက်စီးစေမှု စတာတွေနဲ့ အမှုထပ်တိုးခံရတော့မှာပါ။ Jessica ဟာ ထောင်ထဲကနေ မပြီးပြတ်သေးတဲ့ အမှုတွေကို ရင်ဆိုင်နေရပါတယ်။

သူမ ရင်ဆိုင်နေရတဲ့ အမှုတွေကတော့ ပြန်ပေးဆွဲမှု၊ ရိုက်နှက်မှု၊ ဖောက်ထွင်းဝင်ရောက်မှု၊ ဓားပြမှု၊ ခိုးမှုစတာတွေနဲ့ အမှုရင်ဆိုင်နေရဆဲပါ။ ဒီမတိုင်ခင်လပိုင်းကလည်း ပါရာဂွေးက အကျဉ်းထောင်တစ်ခုကနေ အကျဉ်းသား (၇၅)ဦးအထိ စံချိန်တင် လွတ်မြောက်သွားခဲ့ပါသေးတယ်။

လင်းသူရိန်

SHARE