Dwayne Johnson ခေါ် The Rock ကြီးဟာ သွေးကင်ဆာရောဂါခံစားနေရတဲ့ အသက် ၃ နှစ်သားကောင်လေးတစ်ယောက်အတွက် သီချင်းတစ်ပုဒ်ဆိုပြခဲ့ပါတယ်။ အဆိုပါ သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့ Instagram အကောင့်မှာ တင်ထားခဲ့ပြီး ဒီ Message ကတော့ အသက် ၃ နှစ်သားပဲရှိသေးတဲ့ သတ္တိရှိတဲ့ ကောင်လေးတစ်ယောက်အတွက်ပါ။ သူက အသန်မာဆုံးသောလူတွေထဲက တစ်ယောက် သေချာပေါက်ဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ သူက ဖိုက်တာတစ်ယောက်မို့လို့ပါပဲဆိုတဲ့ စာတမ်းနဲ့ အတူ Dwayne Johnson အားပေးခဲ့ပါတယ်။
“သူ့နာမည်ကတော့ Hyrum Harris ပါ။ ဟယ်လို Hyrum ရေ၊ ဒီ Message ကို မင်း မြင်တွေ့နိုင်မယ်လို့ ထင်ပါတယ်။ မင်း ငါ့ကို မသိပါဘူး။ ငါ့နာမည်ကတော့ Dwayne Johnson လို့ ခေါ်ပါတယ်။ The Rock လို့လည်း ငါ့ကို ခေါ်ကြတယ်။ အခု မင်း စဉ်းစားကောင်းစဉ်းစားနေမှာပေါ့။ ငါ့ခေါင်းက ကျောက်တုံးနဲ့တူလို့ ငါ့ကို ဦးကျောက်တုံးလို့ နာမည်ပေးထားသလားလို့လေ” လို့ The Rock ကြီးက စနောက်ပြီး ပြောဆိုခဲ့တာပါ။
ကင်ဆာရောဂါကို ခံစားနေရတဲ့ သုံးနှစ်သားကောင်လေးဟာ Moanaလို့ အမည်ရတဲ့ ကာတွန်းကားကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ သူက Moana ရုပ်ရှင်ကို ကြိုက်လွန်းလို့ တစ်နေ့ကို ဆယ်ခါလောက် ကြည့်တာပါ။ ကောင်လေး အကြိုက်ဆုံးကတော့ အဲဒီရုပ်ရှင်ထဲက မာဝီဇာတ်ကောင်ကိုပဲ ဖြစ်ပါတယ်။ မာဝီနေရာမှာ နောက်ခံစကားပြော သရုပ်ဆောင်ထားတာကတော့ Dwayne Johnson ပါပဲ။
“မင်း Moana လို ခေါ်တဲ့ ရုပ်ရှင်ကို မင်း ကြိုက်တယ်လို့ ငါ ကြားတယ်။ ငါလည်း အဲဒီ ရုပ်ရှင်ကို ကြိုက်တာပဲကွ။ မင်း တစ်နေ့ တစ်နေ့ အဲဒီ ကားကို ဆယ်ခါလောက်ကြည်ဆို။ ဘာကြောင့်လဲဆိုတော့ မင်းက အဲဒီရုပ်ရှင်ထဲက မာဝီကို မင်း ချစ်တယ်မလား”လို့ The Rock ကြီးက ဗီဒီယိုဖိုင်ထဲမှာ ပြောဆိုထားတာပါ။
အဲဒီနောက်မှာ The Rock ကြီးဟာ Moana ရဲ့ You’re Welcome သီချင်းကို စဆိုပါတော့တယ်။ ဆိုနေစဉ်မှာလည်း ဟေ့ကောင် မင်း ဒါကို ကြိုက်တယ်ဆိုတာ ငါ သိတယ်နော်။ ငါ မင်းကို တစ်ခုပြောပြချင်တယ်။ အားတင်းထားပါကွ။ ဒီမှာလည်း မင်းလို မာဝီဇာတ်ကောင်ကို ကြိုက်တဲ့ ငါ တစ်ယောက်လုံးရှိပါသေးတယ်။ မာဝီလို လူမျိုးက ဘယ်သူမှမရှိဘူးလေ။ ငါလည်း မာဝီရဲ့ ပရိသတ်တစ်ယောက်ပဲ။ နောက် ငါလည်း မင်းရဲ့ ပရိသတ်တစ်ယောက်နော်။ အားတင်းထားပါ Hyrum ရေလို့ အားပေးစကားကို စနောက်ပြီး ပြောဆိုခဲ့တာပါ။
ဗီဒီယိုဖိုင်တင်ပြီးနောက်မှာလည်း ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ် Hyrum က သူ သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးသွားကြောင်းကိုလည်း ပရိသတ်တွေကို သတင်းစကားပါးခဲ့ပါသေးတယ်။
“ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တို့အတွက် ဘာမှ မကုန်ကျပါဘူးကွာ။ ပြီးတော့ ငါတို့ပေးနိုင်တဲ့ စွမ်းအားအရှိဆုံးလက်ဆောင်ကလည်း အဲဒါပါပဲ။ ဒါက ဘဝအတွက် အစစ်အမှန်ဆုံးသော မျက်လှည့်တစ်ခုပါကွာ” လို့ The Rock ကြီးက ရေးသားထားပါတယ်။
YYK