သူနာပြုဆရာမကို ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်ခဲ့ ဗြူတီးဆလွန်း၊ ဝေဖန်မှုပြင်းထန်စွာ ခံနေရ

Shutterstock/Cryptographer

သူနာပြုဆရာမတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ကပ်ဆိုးကြီးနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ ကျေးဇူးအများဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ သူတို့တစ်တွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်ပြီး၊ သူတို့အသက်နဲ့ ပြည်သူလူထုကို အကာအကွယ်ပေးရာ ရောက်ပါတယ်။

အခုဖြစ်စဉ်မှာတော့ အိုင်ယာလန်က ဗြူတီးဆလွန်းဆိုင်တစ်ဆိုင်ဟာ သူနာပြုဆရာမတစ်ယောက်ကို ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်ခဲ့ကြောင်း ဆိုပါတယ်။ ဒီအကြောင်းကို သူနာပြုဆရာမလေးရဲ့ မိခင်ဖြစ်သူက မခံနိုင်လွန်းလို့ လူမှုကွန်ရက်မှာ ပြန်လည် မျှဝေခဲ့တာပါ။

ဆရာမလေးဟာ အလုပ်နားရက်မှာ ဆံပင်ညှပ်ခေါင်းလျှော် လုပ်ဖို့ ဗြူတီးစလွန်းတစ်ခုဆီကို အပွိုင့်မန့်တင်ထားခဲ့ရာ၊ နောက်ဆုံးမှ ဆိုင်ဘက်က တစ်ဖက်သက် ဖျက်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအလှပြင်ဆိုင်ဟာ သူနာပြုဆရာမလေးထံ ဖုန်းဆက်စကားစမြည် ပြောပြီးမှ သူတို့ဘက်က ဝန်ဆောင်မှုပေးဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ခဲ့တာပါ။

Freepik/Dubliv

သူနာပြုဆရာမလေးရဲ့မိခင်အမည်ကိုတော့ The Mirror သတင်းစာမှာ Mairie လို့သာ ဖော်ပြထားပါတယ်။ သူမရဲ့သမီးဟာ ဆိုင်ရဲ့ မမျှတတဲ့လုပ်ရပ်ကြောင့် အလွန်စိတ်ထိခိုက်နေရတယ်လို့ ဆိုပါတယ်။ အကယ်၍ တခြားသူနာပြုဆရာ/မတွေ ဒေါက်တာတွေအနေနဲ့လည်း ဒီလို ကြုံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Mairie က “ သမီးက ပြီးခဲ့တဲ့အပတ်က ဆံပင်ဒီဇိုင်းပညာရှင်တစ်ယောက်ဆီမှာ အပွိုင့်မန့်ယူတယ် … ကျွန်မတို့နဲ့ အတူတူ သွားမှာပါ …. ဒီနေ့မှာ အပွိုင့်မန့်ယူထားတဲ့ နေ့ဖြစ်ပါတယ် … သူမရဲ့ အလုပ်ပိတ်ရက်ပေါ့ … သမီးက ညပိုင်း ဂျူတီ ယူရသူပါ …. ”လို့ ပြောပါတယ်။

သူမက ဆက်လက်ပြီး “ မနေ့က အလှပြင်ဆိုင်က ဖုန်းဆက်တယ် … မေးစရာလေးရှိလို့ပါတဲ့ … သမီးက ညဘက်ဂျူတီကြောင့် အိပ်ရေးမဝတဝနဲ့ ပြန်ဖြေရရှာတယ် … ဆိုင်က မေးတာက ကိုဗစ်-၁၉လူနာတွေနဲ့ ထိတွေ့ ကိုင်တွယ်ခဲ့တာမျိုး ရှိသလားတဲ့ အဲလို မေးတော့ သမီးက မရှိဘူးလို့ ယောင်ဖြေသေးတယ်”

Twitter/National-Health-Service

“နောက်တော့ သူမရဲ့အလုပ်အကိုင်က ဘာဆိုတာ တိတိကျကျ ပြောသင့်တယ်လို့ ယူဆပြီး … သူမက ဆေးရုံတစ်ခုရဲ့ အရေးပေါ်ဌာနမှာ အလုပ်လုပ်ရတဲ့ သူနာပြုဆရာမလေးပါလို့ ရိုးရိုးသားသား ပြောခဲ့ပါတယ် … အဲဒီမှာဆိုင်ဘက်က သူမရဲ့ အပွိုင့်မန့်ကို တစ်ဖက်သက် ဖျက်သိမ်းသွားတာပါ ”လို့ ပြောခဲ့ပါတယ်။

သမီးဖြစ်သူက “ အို အခုနောက်ပိုင်းမှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိခဲ့ပါဘူး … ကျွန်မ Mask လည်း တပ်ပါ့မယ် .. နောက် လက်အိတ်တွေ ဘာတွေလည်း ဝတ်ခဲ့ပ့ါမယ် … ကျွန်မက ကျန်းကျန်းမာမာပါလို့ ပြောပေမယ့် ဝန်ထမ်းမလေးက ဆောရီးပါ … ဆိုင်ရဲ့ပေါ်လစီအရ ဖြစ်ပါတယ် ”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဗြူးတီးဆလွန်းတာဝန်ရှိသူက သူနာပြုဆရာမလေးထံ ဖုန်းဆက်ပြီး တောင်းပန်ခဲ့ကြောင်း၊ သူနာပြုအလုပ်နဲ့ လူတွေကို ကယ်တင်ပေးနေလို့ ကျေးဇူးအထူးတင်ကြောင်း လေပြေပြန်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ သူနာပြုဆရာမလေးကို သူငယ်ချင်းတွေက နောက်ထပ် အလှပြင်ဆိုင်တစ်ခုကို ခေါ်သွားပေးခဲ့တယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE