Special Needs ဆိုတာ အခြေအနေတွေ အများကြီးရှိပါတယ်။ မပြည့်စုံတဲ့ ကလေးတွေလို့ ပြောလို့ရပေမယ့် အဓိပ္ပါယ်တွေက တစ်ဦးချင်းစီအလိုက် ကျယ်ပြန့်သွားပါတယ်။ ဒီအထဲမှာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ကလေးတွေ၊ သိမြင်မှတ်သားမှု နောက်ကျသောကလေးများ၊ လေ့ကျင့်ခန်းအမျိုးမျိုးနဲ့ ကုသရန်လိုအပ်နေတဲ့ ကလေးများ-
လူမှုဆက်ဆံရေးပိုင်းမှာ တိုးတက်ဖို့ လိုအပ်လျှက်ရှိတဲ့ ကလေးများ၊ ရေရှည်ကျန်းမာရေးအခက်အခဲရှိတဲ့ ကလေးများ စသဖြင့် Special Needs ကလေးတွေထဲမှာပါဝင်ပါတယ်။ နိုင်ငံတော်တော်များများမှာတော့ Special Needs ဖြစ်တဲ့ကလေးတွေကို သီးခြားသင်ကြားမှုပုံစံ၊ တကယ် ကျွမ်းကျင်တဲ့ ဆရာ/ဆရာမတွေနဲ့ သင်ကြားရေးစနစ်ကို ထောက်ပံ့ကြပါတယ်။
In Mexico, school was cancelled because of the pandemic.
This teacher turned her pickup truck into a portable classroom.
She drives two hours a day to teach children with autism who don’t have books or access to the internet.
pic.twitter.com/hscu8zI85Z— Akki (@akkitwts) August 6, 2020
တချို့သောနိုင်ငံတွေမှာတော့ တပည့်တွေ ရောပြွမ်းပညာရေးစနစ်ထဲမှာ အကျုံးဝင်ပြီး၊ ဒီအထဲမှာ Special Need ဖြစ်ပြီး၊ ဉာဏ်ရည်မသွက်၊ စာမလိုက်နိုင်တဲ့ ကလေးတွေကိုတော့ အညံ့စာရင်းသွင်းကာ ခွဲခြားဆက်ဆံတာမျိုးတွေ ရှိတတ်ပါတယ်။ Special Needs ဖြစ်နေတဲ့ကလေးတွေကို သာမန်သင်ကြားတဲ့ပုံစံနဲ့ မထိရောက်နိုင်ပါဘူး။
ဒီတော့ စနစ်တကျ သင်ကြားနိုင်တဲ့ ဆရာ/မတွေကသာ ဒီလို ကလေးတွေကို မြေတောင်မြှောက်ပေးနိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ထိုးထွင်းသဘောပေါက်နိုင်တဲ့ ဆရာ/မတွေဟာ ဒီလိုကလေးတွေကို သင်ကြားမှုအပိုင်းမှာ ပိုထိရောက်ပါတယ်။

အခုလည်း မက္ကဆီကိုနိုင်ငံက ဆရာမလေးတစ်ယောက်ကတော့ ကိုဗစ်ကပ်ဆိုးကာလအတွင်းမှာ Special Needs ဖြစ်နေတဲ့တပည့်လေးတွေ အိမ်ကိုအရောက် ကားမောင်းသွားပြီး ပညာသင်ပေးနေတာပါ။ သူမရဲ့ အမိုးဖွင့်ထားတဲု့ Pick-up ကားနောက်ခန်းမှာ စားပွဲနဲ့ဘာနဲ့ ကျကျနန သင်ပေးနေတာဖြစ်ပါတယ်။ သူမဟာ တစ်အိမ်ချင်း သင်သွားတဲ့စနစ်နဲ့ လှုပ်ရှားနေတာပါ။
အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးတွေကို သင်ကြားပေးတာလို့ သိရပါတယ်။ ဆရာမဟာ တစ်ရက်မှာ (၂)နာရီကြာ ကိုယ်ဆီကိုယ်စိုက်၊ ကိုယ့်စာရိတ်ကိုယ်စားပြီး လက်လှမ်းမီသမျှ ကလေးတွေကို သင်ကြားနေတာပါ။ ကိုဗစ်အကျပ်အတည်းကြောင့် တချို့ကလေးတွေ e-learning စနစ်နဲ့ သင်ယူနိုင်ကြပေမယ့် လိုအပ်ချက်ရှိတဲ့ ကလေးတွေအတွက် အဆင်မပြေနိုင်ပါဘူး။

ဆရာမရဲ့အမည်ကတော့ Nay Esp လို့ သိရပါတယ်။ မက္ကဆီကိုနိုင်ငံ၊ Aguascalientes ပြည်နယ်မှာ အလုပ်လုပ်ပြီး၊ သူမရဲ့ ပြောင်မြောက်တဲ့အလုပ်တွေကြောင့် အခုဆိုရင် သူတို့နယ်ပယ်မှာ အလွန်နာမည်ကြီးနေပါတယ်။ သူမရဲ့ကားလေးပေါ်မှာ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံလေးနှစ်လုံး ပါဝင်ပါတယ်။ သူမဟာ တပည့်လေးတွေကို စိတ်ရှည်လက်ရှည် သင်ပေးပြီး၊ တစ်နေ့တာ လက်လှမ်းမီသလောက်ကို အစဉ်အတိုင်း လုပ်ဆောင်နေပါတယ်။
Nay ရဲ့ လှုပ်ရှားမှုတွေကို ကမ္ဘာကျော်ဆယ်လီတွေကပါ သိရှိနေကြပြီလို့ ဆိုပါတယ်။ သူမရဲ့ သင်ကြားမှုကို အထောက်အကူပြုဖို့အတွက် GoFundMe မှာ ရန်ပုံငွေ Page တည်ထောင်ထားပြီး၊ ရရှိလာတဲ့ပိုက်ဆံတွေနဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းသွားမယ်လို့ သိရပါတယ်။ လောလောဆယ် ရန်ပုံငွေ ဒေါ်လာ(၁၀၀၀)နီးပါး ရထားပြီးပါပြီ။
လင်းသုတ