ကမ္ဘာပြားကြောင်း သက်သေပြဖို့ အိမ်လုပ်ဒုံးပျံနဲ့ ကြိုးစားခဲ့သူ၊ ဒုံးပျံပျက်ကျလို့ သေဆုံး

YouTube/CBSNews

မိုက်ရူးရဲဆန်တဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်လို့  အများက သတ်မှတ်ခြင်းခံထားရတဲ့ Michael “Mad Mike” Hughes ဆိုသူတစ်ဦးဟာ ပြီးခဲ့တဲ့ စနေနေ့(၂၂.၂.၂၀၂၀)တုန်းက အိမ်လုပ်ဒုံးပျံတစ်စင်းနဲ့ အာကာသဆီကို သွားရောက်ဖို့အတွက် ကြိုးစားနေစဉ်မှာပဲ ဒုံးပျံပျက်ကျပြီး သေဆုံးခဲ့ပါတယ်။

သူဟာ အာကာသနဲ့ ပတ်သက်ပြီးတော့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို လက်မခံနိုင်သူတစ်ဦးပါ။ ဒါ့အပြင် သိပ္ပံပညာက တွေ့ရှိထားတဲ့ အချက်အလက်တချို့ဟာ မှားယွင်းနေတယ်လို့ ယုံကြည်လက်ခံသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ ကမ္ဘာကြီး လုံးတယ်ဆိုတဲ့ အယူအဆကိုလည်း အပြင်းအထန်ငြင်းဆန်ခဲ့ပြီး ကမ္ဘာကြီးက အပြားဖြစ်တယ်လို့ ယူဆထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ 

 

ကမ္ဘာကြီးက အပြားဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ အယူအဆကိုလည်း မှန်ကန်ကြောင်း သက်သေပြချင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒေသခံမီဒီယာတွေကို သူ ပြောကြားခဲ့တဲ့ အချက်အလက်တွေထဲမှာတော့ ကမ္ဘာကနေ အပေါ်ကို  တစ်မိုင်လောက်အကွာအဝေးကို တက်သွားပြီးတော့ ကမ္ဘာဂြိုလ်ဟာ အလုံးပုံစံမဟုတ်ဘဲ အပျော်တမ်းဆော့ကစားရတဲ့ လေဝဲပန်းကန်ပြား Frisbee လိုမျိုး အပြားပုံစံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

CNN သတင်းဌာနရဲ့ ရေးသားချက်အရတော့ Hughesဟာ သူ့ရဲ့ အိမ်လုပ်အာကာသဒုံးပျံကို ကယ်လီဖိုးနီးယားပြည်နယ်၊ Barstow မြို့မှာ လွှင့်တင်ခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါ ဒုံးပျံ့ဟာ သူ ကိုယ်တိုင်ပဲ ဒီဇိုင်းဆွဲကာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရေနွေးငွေ့သုံးဒုံးပျံဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဒုံးပျံကို သူ့ရဲ့အိမ်နောက်ဖေးမှာပဲ ကိုယ်တိုင် ဆောက်လုပ်ထားခဲ့တာပါ။ သူ လုပ်ဆောင်နေတဲ့ အိမ်လုပ်ဒုံးပျံအတွက်လည်း ကုမ္ပဏီတွေ၊ နာမည်ကျော်ဘရန်းတချို့က စပွန်ဆာတွေ ပေးထားကြပါတယ်။

The Science Channel ကတော့ သူ့ရဲ့ အိမ်လုပ်ဒုံးပျံလငွ့်တင်မှုကို “အိမ်တွင်းလုပ်အာကာသယာဉ်မှူးများ”ဆိုတဲ့ တီဗွီရှိုးတစ်ခုအတွက်  မှတ်တမ်းရိုက်ကူးထားနိုင်ခဲ့ပြီး ဒုံးပျံဟာ မအောင်မြင်ဘဲ ကမ္ဘာမြေပ်ါကို ပြန်ပျက်ကျလာခဲ့ပါတယ်။ ဒီနောက်မှာတော့ တီဗွီချယ်နယ်ဟာ Hughes သေဆုံးသွားပြီဖြစ်တယ်လို့ သူတို့ရဲ့ တရားဝင်တွစ်တာစာမျက်နှာကနေ တစ်ဆင့် ကြေငြာခဲ့တာပါ။

Hughesဟာ သူ့ရဲ့ မိုက်ရူးရဲဆန်တဲ့ အပြုအမူတချို့နဲ့ ထင်ပေါ်ကျော်ကြားသူတစ်ယောက်လည်းဖြစ်ပြီး သူ့ရဲ့ ရည်ရွယချက်ကတော့ သူကိုယ်တိုင် ဖန်တီးထားတဲ့ အာကာသဒုံးပျံတစ်စင်းကို တည်ဆောက်ပြီး အာကာသဆီကို ခရီးထွက်ချင်တာပါ။

“ဒီလို လွှင့်တင်မှုကို ပြုလုပ်ချင်တာက သူ့ရဲ့ အိပ်မက်တစ်ခုပါ။ ပြီးတော့ ကျနော်တို့ သိပ္ပံချယ်နယ်ကလည်း သူ့ရဲ့ ရာဇဝင်တွင်လောက်မယ့် ခရီးကို ရိုက်ကူးထားချင်တာပါ”လို့ သိပ္ပံချယ်နယ်က ပြောဆိုခဲ့ပါတယ်။

 

ဘာကြောင့် အခုလိုမျိုး ပြုလုပ်ရသလဲဆိုတဲ့ မေးမြန်းမှုမှာတော့ Michael “Mad Mike” Hughes က အခုလို ဖြေကြားခဲ့ပါတယ်။

“လူတွေကို သူတို့ဘဝမှာ ထူးခြားပြီး အံ့မခန်းဖြစ်စဉ်တွေကို သူတို့ လုပ်နိုင်တယ်လို့ စည်းရုံးသိမ်းသွင်းချင်တာပါ”လို့ ဖြေကြားခဲ့ပါတယ်။

Ye Yint Kyaw

SHARE