အထက်အရာရှိက လိင်ပိုင်းစော်ကားလို့ တိုင်တဲ့အမျိုးသမီးကို အင်ဒိုတရားရုံးက ထောင်ဒဏ်ချမှတ်

Presiden Joko Widodo/Facebook

အင်ဒိုနီးရှားနိုင်ငံက တရားရုံးတစ်ရုံးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ အမှုဖွင့်တဲ့အမျိုးသမီးကို ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သူမကို ဒဏ်ငွေပေါင်(၃၀၀၀၀)တန်ကြေးရှိတဲ့ အင်ဒိုငွေကြေးပေးဆောင်ဖို့ကိုလည်း အမိန့်ချမှတ်ခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးဟာ “လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစကားတွေ ပြောထားတဲ့ ဖုန်းအသံဖိုင်ကို အများပြည်သူထံ မျှဝေမှုနဲ့ ”ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ အမျိုးသမီးကိုယ်တိုင်က ဒီအသံဖိုင်ကို သက်သေအဖြစ်၊ သူမ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်းကို မြင်သာစေဖို့ အများပြည်သူသိအောင် ပြန်လည်မျှဝေခဲ့တာပါ။

ပေါင်(၃)သောင်းပမာဏ ဒဏ်ကြေးဟာ အင်ဒိုငွေကြေးနဲ့ဆိုရင် သန်း (၅၀၀)ရူပီး တန်ကြေးရှိပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူဟာ တရားမမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ သူမရဲ့နာမည်ကတော့ Baiq Nuril Maknun ဖြစ်ပြီး၊ အသက်က (၃၈)နှစ်ပါ။

Presiden Joko Widodo/FB

Maknun ဟာ (၂၀၁၂)ခုနှစ်က Lombok ကျွန်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ အဲဒီမှာ အလုပ်စဝင်ပြီး မကြာမီမှာပင် သူမကို ကျောင်းအုပ်ကြီးက ဖုန်းခေါ်ဆိုပြီး ညစ်တီးညစ်ပတ်စကားတွေနဲ့ သူမကို စွဲဆောင်စည်းရုံးခဲ့ပြီး၊ လူလစ်ရင်လစ်သလို ထိကပါးရိကပါးလုပ်ဖို့ ကြိုးစားခံခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်တော့ Maknun ဟာ သည်းမခံနိုင်တဲ့အဆုံးမှာ ဖုန်းခေါ်ဆိုမှုတွေကို မှတ်တမ်းအဖြစ် ရယူခဲ့ပါတယ်။ ဒီမှတ်တမ်းတွေကို ဘယ်သူ့ကိုမှ ပြဖို့စိတ်ကူးမရှိသော်လည်း၊ သူငယ်ချင်းတစ်ယောက်ကို မျှဝေခဲ့မိတာပါ။ ဒါပေမယ့် အဲဒီဟာက သူမအတွက် တစ်ဖက်က တရားပြန်စွဲစရာ အပြစ်ဖြစ်သွားခဲ့ပါတယ်။

အဆိုပါ အသံဖိုင်တွေဟာ လူမှုကွန်ရက်တွေပေါ်မှာ ပေါက်ကြားမှုတွေ ဖြစ်ခဲ့ပါတယ်။ (၂၀၁၅)ခုနှစ်မှာ သူမကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ ကျောင်းအုပ်ကတော့ အလုပ်ပြုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူက “ညစ်ညမ်းဗွီဒိယိုရုပ်သံတိုက်ဖျက်ရေး ဥပဒေ”နဲ့ Maknun ကို ပြန်တရားစွဲခဲ့ပါတယ်။

Presiden Joko Widodo/FB

ပထမတရားရုံးမှာတုန်းက Maknun ကို အမှုကနေ အနိုင်ပေးခဲ့ပေမယ့် တစ်ဖက်က မကျေနပ်လို့ Supreme Court ကို တက်ခဲ့တာပါ။ ဒီမှာတော့ Maknun ဟာ အံ့အားသင့်ဖွယ်ရာ အမှုရှုံးနိမ့်ခဲ့ပြီး၊ ထောင်ဒဏ်(၆)လအပြင် ရူပီးသန်း(၅၀၀)အထိ အံ့သြစရာကောင်းလောက်အောင် နှိပ်ကွပ်ခံလိုက်ရပါတယ်။ သူမရဲ့ရှေ့နေကတော့ ဒီအမှုကို သမ္မတဝီဒိုဒိုထံ ပေးပို့ထားပြီး၊ သမ္မတက တရားမျှတမှုအတွက် တစ်ခုခု ကူညီလိမ့်မယ်လို့ ထင်နေပါတယ်။

လင်းဇော်ကို (Shwemom)

SHARE