ကမ္ဘာပေါ်မှာရှိလိမ့်မယ်လို့ ထင်ထားမှာမဟုတ်တဲ့ ထူးထွေဆန်းပြားတဲ့ အလုပ်တွေ

ကျွန်တော်တို့ ကျင်လည်ရာပတ်ဝန်းကျင်မှာ ကိုယ် တွေ့မြင်သိရှိနေတဲ့ အလုပ်အမျိုးအစားတွေ များစွာရှိပါတယ်။ ဒါတွေဟာ မြင်တွေ့နေကျဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ထူးခြားတဲ့ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ ကိုယ်နဲ့အလှမ်းဝေးတဲ့ နယ်ပယ်မှာ ကျွန်တော်တို့ မသိနိုင်တဲ့ အလုပ်တွေ ရှိနေပါသေးတယ်။ တစ်ချို့ဆို ဒီလိုအလုပ်မျိုး ရှိလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ကြပါဘူး။ လော့လာကြည့်ရအောင်ဗျာ။

#ကြက်မျိုးစပ်ပညာရှင်
Pixabay

ဒီအလုပ်က နည်းနည်းတော့ လက်ဝင်ပါတယ်။ စီပွားဖြစ် ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ ကြက်မျိုးစပ်ပညာရှင်ဟာ မရှိမဖြစ်လိုအပ်ပြီး၊ ကြက်တွေရဲ့ မျိုးကောင်းမျိုးသန့်တွေကို ခွဲခြားသိရှိဖို့နဲ့ မျိုးစပ်ခြင်းတွေ လုပ်ကိုင်ပေးရပါတယ်။ တစ်ခါတလေမှာ ကြက်ကောင်လေးတွေကို ညင်သာစွာ ဖျစ်ညှစ်ပြီးတော့ မစင်ဘယ်က ထွက်သလဲဆိုတာကအစ စစ်ဆေးပေးရပါတယ်တဲ့။

#ရေလွှာလျှောစီး စမ်းသပ်သူ
Pixabay

ကလေးကစားကွင်းတွေမှာ တည်ဆောက်ထားတဲ့ ရေလွှာလျှောတွေကို တည်ဆောက်ချင်တိုင်း တည်ဆောက်ကြတာမျိုးတော့ မဟုတ်ပါဘူး။ စမ်းသပ်ပေးသူတွေနဲ့ ကျကျနန တည်ဆောက်မှသာ လာရောက်အပန်းဖြေ ဆော့ကစားသူတွေ ဘေးမသီရန်မခနဲ့ ကစားနိုင်ကြမှာပါ။ ဒီအလုပ်ကလည်း အရေးကြီးတဲ့ အလုပ်ဖြစ်ပါတယ်။

#သုတ်ဆေးတွေ ခြောက်မခြောက် စောင့်ကြည့်ရသူ
Pixabay

ဒီအလုပ်ကလည်း နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ် ထင်ရပါတယ်။ အဆောက်ဦ ဆေးသုတ်သူတွေ တော်တော်များများကတော့ ဆေးသုတ်ပြီး သူ့ဘာသာ ခြောက်သွားမှာဆိုပြီး ပစ်ထားကြလေ့ရှိပါတယ်။ ဒါပေမယ့် ပရိုဆေးသုတ်သမားတွေကတော့ Paint Drying Watcher ကို သီးခြားငှားလေ့ရှိပါတယ်။ ဆေးတွေ ခြောက်သွားတာလောက် ကြည့်တတ်ရုံနဲ့ ဒီအလုပ်ကို ရမယ်လို့ မထင်ပါနဲ့။ ဆေးသား ညီမျှမှုရှိမရှိ၊ ဆေးသား အပြစ်အကျဲ၊ သုတ်ထားတာ ဟန်ကျမကျ စတဲ့အထာတွေလည်း နပ်နေရမှာပါ။

#ရထားတွန်းသူများအဖွဲ့
Pixabay

ဒီအလုပ်မျိုး ကမ္ဘာမှာရှိနိုင်ပါ့မလား ခင်ဗျားတို့ သံသယရှိပါလိမ့်မယ်။ တကယ်တော့ ရှိကိုရှိပါတယ်။ ဂျပန်က  ရထားဘူတာတွေမှာ ခန့်အပ်ထားလေ့ရှိကြပြီး၊ အခြားနိုင်ငံတွေမှာ တွေ့ရလေ့မရှိတဲ့ ရှားပါးတဲ့ အလုပ်အကိုင်မျိုးပါ။ ဂျပန်မှာတော့ အိုရှီယာလို့ ခေါ်ပြီး၊ လူတွေအပြည့်အသိပ်တင်ထားတဲ့ ရထားတွေကို လိုင်းပေါ်မှာ ဟန်ချက်ညီ ပြေးဆွဲနိုင်ဖို့ အိုရှီယာတွေက ပြင်ဆင်ပေးရပါတယ်။

#ပရော်ဖက်ရှင်နယ် အအိပ်သမား
Pixabay

အချိန်ပြည့် အိပ်နေတဲ့လူတစ်ယောက်ကို ဘယ်သူကမှ လစာပေးပြီး ခန့်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်အသီးသီးမှာ ကိုယ့်ရဲ့ကုန်ပစ္စည်းအတွက် သုတေသနတွေ၊ ဆာဗေးတွေ၊ Feedback တွေကို မဖြစ်မနေ စုံစမ်းနေမှသာ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တာမျိုးပါ။ ဖင်လန်နိုင်ငံမှာ ဟော်တယ်တွေမှာ အိပ်ဖို့ ပရိုအအိပ်သမားတွေ ခေါ်ယူနေပါတယ်။ သူတို့ကတော့ အခန်းဖွဲ့စည်းမှု၊ အိပ်ရတာ သက်တောင့်သက်သာ ရှိမှု၊ စောင်တွေ၊ အိပ်ယာခင်းတွေ သုံးရအဆင်ပြေမှု ရှိမရှိ စတာတွေကို ပြန်ပြီး Report ပေးရပါတယ်။

#ဗွီဒီယိုဇာတ်ကားကြည့်ပေးရသူ
Pixabay

အခုခေတ်မှာ ရုပ်ရှင်ကုမ္ပဏီတွေဟာ မိမိတို့ ထုတ်လုပ်ဖြန့်ချိမယ့် ဇာတ်ကားတွေကို အရမ်းကာရော ပရိသတ် မိတ်ဆက်လိုက်တာမျိုး မဟုတ်ပါဘူး။ ပြည်သူကို ချမပြသေးခင်မှာ သူတို့ဇာတ်ကားရဲ့အားနည်းချက်၊ အားသာချက်၊ ဘယ်နေရာတွေမှာ ဘယ်လိုပြင်ဆင်ရမယ် စတဲ့ အတတ်ပညာရှင်တစ်ချို့ကို ငှားရမ်းပြီး ကြည့်ရှုစေပါတယ်။ တစ်ခါတလေမှာ အတတ်ပညာရှင်မဟုတ်သူတွေကိုလည်း ငှားရမ်းပြီး ဇာတ်ကားတွေကို ကြည့်ရှုစေကာ အလွတ်သဘော အကြံဉာဏ်တွေ တောင်းခံလေ့ရှိပါတယ်။

#အာလူးကြော်မြည်းစမ်းသူ
Pixabay

ချောကလက်ရဲ့အရသာတွေကို မြည်းစမ်းပေးရတဲ့ ပညာရှင်တွေဆိုတာ ရှိသလို၊ အာလူးကြော်ကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းကြီးတွေမှာလည်း အာလူးကြော်တွေကို သေချာမြည်းစမ်း စစ်ဆေးပေးတဲ့ ပညာရှင်တွေဆိုတာ ရှိပါတယ်။ အာလူးကြော်ရဲ့ အရသာကောင်းမကောင်း၊ အရောင်၊ အနံ့၊ အဆင့်မီခြင်းရှိမရှိ စတာတွေဟာ ကုမ္ပဏီရဲ့ဂုဏ်သိက္ခာ ဖြစ်ပါတယ်။

#ရည်းစားအငှားဝန်ဆောင်မှု
Pixabay

တရုတ်နဲ့ဂျပန်လို နိုင်ငံတွေမှာ ကျားမ လူဦးရေးခြားနားမှု၊ အလုပ်ဝန်ပိမှုနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် ရည်းစားထားဖို့ ရည်းစားရှာဖို့ အချိန်မရှိကြပါဘူး။ ဒီလိုလူတွေ စိတ်ထွက်ပေါက် ရစေဖို့ ရည်ရွယ်ပြီး ရည်စားအငှား ဝန်ဆောင်မှုတွေ လုပ်လာခဲ့ကြပါတယ်။ တရုတ်မှာ မကြာသေးခင်က ရှော့ပင်းမောတစ်ခုမှာ ရည်းစားအမျိုးသမီး အချိန်ပိုင်းဝန်ဆောင်မှုတွေဟာ လူမှုကွန်ရက်မှာ စိတ်ဝင်စားမှုခံခဲ့ရတဲ့ လုပ်ငန်းတွေပါ။

နတ်စည်တော် (Shwemom)

READ
လူတွေသာ ရေမချိုးတော့ဘူးဆိုရင် ဘာတွေဖြစ်လာမလဲ....

Source : asiaone.com

SHARE