ကားတွေကို ရပ်တန့်ပြီး အစားအစာတွေ လုယူစားသောက်ခဲ့တဲ့ ဆင်ပြောင်သားအဖ

Twitter/Amnouy Artchula

ထိုင်းနိုင်ငံ၊ တောအုပ်ထူထူ လမ်းတစ်ခုမှာ ဆင်သားအဖနှစ်ကောင်ဟာ ကားတွေကို တားဆီးပြီး အစားအသောက်တွေ လုယူစားသောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကို ကားဆရာတစ်ဦးက မှတ်တမ်းတင်ထားပြီး၊ အဲဒီနေရာမှာ ကား(၄)(၅)စီးလောက် ခေတ္တလမ်းကြောင်းပိတ်ဆို့တာမျိုး ဖြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအရှေ့ဖျား၊ ချာချိုအိမ်စာယိုပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ ကားဆရာတွေကတော့ အတော်လေးကို ထိတ်လန့်ကြောက်ရွံ့နေပြီး၊ သူတို့ကို ရန်ရှာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ ဆင်ပြောင်နှစ်ကောင်မှာ သားအဖဖြစ်ပုံရတယ်လို့လည်း ဆိုပါတယ်။

Twitter/Amnouy Artchula

ဆင်ပြောင်ကြီးကတော့ ကားပေါ်ကနေ ပါသမျှကို နှာမောင်းနဲ့ မွှေ့ပတ်ဖွေရှာပြီး၊ သူ့သားကိုလည်း ကျွေး၊ သူကိုယ်တိုင်လည်း စားနေခဲ့တာပါ။ ဖေဖော်ဝါရီ(၂၁)ရက်၊ သောကြာနေ့မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ဆိုင်ကယ်သမားတွေ၊ ကားသမားတွေဟာ နေရာမှာ အချိန်အတော်ကြာလေး ရပ်တန့်ခဲ့ရပါတယ်။

ဆင်ပြောင်သားအဖနှစ်ကောင်ဟာ တိုယိုတာဟိုင်းလပ်တစ်စီးပေါ်ကနေ ကြံပင်တွေ၊ အထုပ်တွေကို ရသလောက်ယူပြီး စားသောက်ခဲ့ကြပါတယ်။ နောက်တော့ ကားသမားက ကားဘီးကို ဖြည်းဖြည်းလှိမ့်ပြီး လွတ်ရာကို မောင်းပြေးပါတယ်။ ဆင်ပြောင်ကြီး ဆွဲချလိုက်တဲ့ အထုပ်ကတော့ TRS တံဆိပ် ဆားအိတ်ဖြစ်ပုံရပါတယ်။

ဒီအဖြစ်အပျက်ကို သားရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ Amnouy Artchula အမည်ရ အမျိုးသားက မှတ်တမ်းတင်ထားခဲ့တာပါ။ အခင်းဖြစ်နေရာကတော့ Khao Ang Rue Nai Wildlife Sanctuary နဲ့လည်း နီးကပ်ပြီး၊ အဲဒီနေရာဟာ ဆင်းရိုင်းအကောင် ရာနဲ့ချီကို ဘေးမဲ့ပေးထားတဲ့နေရာ ဖြစ်ပါတယ်။

Amnouy က “ ဒီမှာရှိတဲ့ ဆင်တွေကတော့ အစားအစာတွေ စားရဖို့အတွက် ကားတွေကို ဘယ်လို ရပ်တန့်ရမလဲဆိုတာ သိကြပါတယ် …တကယ်လို့ ကားဆရာတွေက ကျွေးဖို့ မကြည်ဖြုရင်တောင်မှ သူတို့ ကတော့ စားကြတာပါပဲ … အခုဖြစ်စဉ်မှာတော့ ဆင်ကြီးက သူ့သားကို အစားအစာတွေ ယူစားနည်း သင်ပေးနေတာပါ …  ”လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ဒီကောင်လေးက သူ့သား ဖြစ်ပုံရပါတယ် … ဒါမှမဟုတ် ဆင်အုပ်ထဲက အကောင်ပေါက်ကလေးလည်း ဖြစ်နိုင်ပါတယ် … ”လို့ ပြောပါတယ်။ ဒီလမ်းမပေါ်ကနေ ဆင်အုပ်တွေ မကြာခဏ တွေ့ရလေ့ရှိပြီး၊ လမ်းမပေါ်ကို တက်တဲ့အဖြစ်အပျက်ကတော့ ခပ်ရှားရှားပါ။ တစ်ခါတလေ သူတို့ အစားအစာ စာချင်တဲ့အခါ အခုလို တက်ရောက်လေ့ရှိပါတယ်။

လင်းသူရိန်

SHARE