အသက်(၆)နှစ်အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ ဆောက်လုပ်ရေးသမားကြီးတစ်ဦးရဲ့ လုပ်ငန်းခွင်မှာ တက်နိုင်သလောက် ကူညီရိုင်းပင်းခဲ့တာကြောင့်၊ လုပ်ငန်းပြီးဆုံးသွားတဲ့အခါမှာ မွန်မြတ်တဲ့ဆုလာဘ်တွေ လက်ခံရရှိခဲ့ပါတယ်။
ကလေးတွေ တော်တော်များများကတော့ သူ့လိုအရွယ်ဆို အုတ်ကျိုးအုတ်ပဲ့တွေကြား ပြေးလွှားနေရတာကို ပျော်နေချိန်ပါ။ အခု ဆုလာဘ်တွေပေးခဲ့တဲ့ လက်သမားဆရာကြီးအမည်ကိုတော့ ကာယကံရှင် ကောင်လေးရဲ့မိခင်က ထုတ်ဖော်ခြင်း မရှိပါဘူး။
We have just had our patio done and my 6yo has loved going out and helping the builder, so it made his day to receive this. What an example of kindness 😊 pic.twitter.com/Wq39TU4uwL
— Steph Kemp (@steph_heathcote) July 27, 2020
အဆိုပါ လက်သမားဆရာကြီးဟာ Steph Heathcote အမည်ရ အမျိုးသမီးတစ်ဦးရဲ့အိမ်မှာ အိမ်ရှေ့ပေါ်တီတည်ဆောက်ဖို့ တာဝန်ယူခဲ့သူပါ။ အဲဒီအခါမှာ Steph Heathcote ရဲ့ သားဖြစ်သူ Harry ကလည်း လက်သမားဆရာကြီးကို သူ တက်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။
လက်သမားဆရာကြီးဟာ ငွေကြေး၊ မုန့်စတဲ့ လက်ဆောင်တွေဆိုတာထက်၊ သူ တကယ်ကျေးဇူးတင်ကြောင်းကို စကားလုံးလေးတွေနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စာတစ်စောင် ရေးချန်ထားခဲ့တာဖြစ်ပြီး၊ Harry အနေနဲ့ ဘိလမ်မြေဖျော်ပေးတာတွေ၊ ကျောက်တုံးတွေ သယ်ပေးတာတွေ၊ ကျီးကန်းတွေနဲ့ ပင့်ကူတွေရဲ့ဓာတ်ပုံတွေ ရိုက်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

မိခင်ဖြစ်သူ Steph ဟာ ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာတင်ခဲ့ရာ Like ပြုလုပ်သူ (256.1k) ရှိခဲ့သလို၊ Retweet ပြုလုပ်သူ (22.6k)အထိ ရှိခဲ့ပါတယ်။ Steph ဟာ ဆောက်လုပ်ရေးလုပ်သားကြီး ထားရှိခဲ့တဲ့ စာရွက်ကိုပါ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

အနောက်ဥရောပ မိသားစုတွေရဲ့ အုပ်ချုပ်မှုသဘောတရားတွေအရ ကလေးတွေကို အရွယ်နဲ့လိုက်အောင် အလုပ်ခိုင်းတဲ့အလေ့အထဟာ ခေတ်စားနေပါတယ်။ ငယ်ငယ်ကတည်းက ကလေးတွေဟာ ကူညီရိုင်းပင်းတဲ့စိတ်နဲ့၊ အလုပ်လုပ်ချင်စိတ်ကို တစ်ခါတည်း မွေးပေးလိုက်မယ်ဆိုပါက ကြီးလာတဲ့အခါမှာ “မိမိကိုယ်သာ ကိုးကွယ်ရာ”ဆိုတဲ့အတိုင်း၊ တခြားပယောဂ အကူအညီမပါဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လူတော်လူမွန်တွေ ဖြစ်လာကြမှာ မလွဲပါဘူး။
လင်းသူရိန်