အသက်(၂၀)အရွယ် မိန်းမပျိုလေးနဲ့ ပျော်ပျော်ပါးပါး လက်ထပ်ခဲ့တဲ့ (၁၀၀)နှစ်အရွယ် အဖိုးအို

YouTube/TheDailyNews

စစ်ပြန်အဖိုးအိုတစ်ယောက်ဟာ အသက်(၂၀)အရွယ် မိန်းမပျိုလေးနဲ့ လက်ထပ်ခဲ့တယ်လို့ The Mirror သတင်းစာက ဆိုပါတယ်။ အဖိုးရဲ့နာမည်ကတော့ Katte ဖြစ်ပြီး၊ သတို့သမီးရဲ့နာမည်ကတော့ Indo Alang လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ Wajo မှာ နေထိုင်ကြပါတယ်။ အသက်(၈၀)လောက် ကွာခြားပေမယ့် သူတို့ ယုံယုံကြည်ကြည်ပဲ လက်ထပ်ခဲ့ကြတာပါ။

အဖိုး Katte ဟာ ဒက်ခ်ျကိုလိုနီခေတ်မှာ စစ်သားကြီးတစ်ဦးဖြစ်ခဲ့ပြီး၊ ရပ်ရွာအတွင်းမှာတော့ လူကြီးလူကောင်းတစ်ဦးအဖြစ် မှတ်ယူခံရသူပါ။ သတို့သမီး Alang ရဲ့ နေအိမ်မှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး၊ အဖိုး Katte အနေနဲ့ အင်ဒိုရူပီး (၅)သန်းအထိ မင်္ဂလာပွဲအတွက် သုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ ပေါင်အားဖြင့် (၂၇၉)ပေါင်သာ ရှိပါတယ်။

သူတို့ဟာ ဆူလာဝေစီတောင်းပိုင်းမှာ နေထိုင်ကြပြီး၊ Katte နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ အဖိုးအို Ayu Anggreni Muchtar ကတော့ သတို့သားရဲ့အသက် အတိအကျကို ခန့်မှန်းရခက်တယ်လို့ ဆိုပါတယ်။ သူက “ ဟုတ်ပါတယ် … ဒီကနေ့ ဖေဖော်ဝါရီ (၂၈)ရက် နေ့လည်ပိုင်း Galico လမ်းက သတို့သမီးအိမ်မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာ .. ”လို့ ပြောပါတယ်။

Twitter/GBNP

Ayu က “ သတို့သား အသက် ဘယ်လောက်ဆိုတာ ပြောဖို့ခက်ပါတယ် … ဒါပေမယ့် သူ (၁၀၀)ကတော့ ကျော်ရုံပဲ ရှိမယ် … ဒက်ခ်ျကိုလိုနီခေတ်တုန်းက စစ်သားတစ်ယောက်ပေါ့ … ကောင်မလေးကတော့ (၂၀)လောက်ပဲ ရှိမယ်”လို့ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားမှာတော့ ဒီလောက်ကြီးမားတဲ့ အသက်ကွာခြားတဲ့ စုံတွဲမျိုး တွေ့ရခဲပါတယ်။

ဒါပေမယ့် ဒီလိုစုံတွဲ ရှိလာခဲ့ရင်လည်း အသက်ကြီးကြီးအဖိုးနဲ့ အသက်ငယ်ငယ် ကောင်မလေးတွေ ဖြစ်လေ့ရှိပါတယ်။ ယခင်ကတော့ အသက်(၇၁)နှစ်အရွယ် အဖွားအိုနဲ့ အသက် (၁၆)နှစ်အရွယ် ကောင်လေးတို့ လက်ထပ်ပွဲ ဆင်နွှဲခဲ့တာမျိုး ရှိခဲ့ပါတယ်။ အင်ဒိုမှာတော့ အမျိုးသမီးက (၁၆)နှစ်ပြည့်ရင် အိမ်ထောင်ပြုလို့ ရပါပြီ။ ယောက်ျားလေးကတော့ (၁၅)နှစ်လောက်ဆိုလည်း လက်ထပ်လို့ရပါတယ်တဲ့။

** ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထပ်မံထွက်ပေါ်လာတဲ့ သတင်းမှာတော့ အဖိုး Katte က (၁၀၃)နှစ်ဖြစ်ကြောင်း၊ ကောင်မလေးက (၂၇)နှစ်ဖြစ်ကြောင်း သိရပါတယ်။ သူမဟာ ယခင်ယောက်ျားရှိပြီး၊ ယောက်ျားက အမျိုးမျိုး နှိပ်စက်လို့ လင်မယားချင်း ကွဲကွာထားတာလည်း မကြာသေးပါဘူး။ ဗိုက်ထဲမှာလည်း ကိုယ်ဝန်ရှိနေခဲ့ပြီး အဖိုး Katte ကတော့ သူ့ကိုယ်ဝန်လို့ ထင်နေပါတယ်။

ပထမယောက်ျားက နှိပ်စက်ညှဉ်းပမ်းခြင်းအပြင် ကွယ်ရာမှာ တစ်ခြားအမျိုးသမီးနဲ့ ဖောက်ပြန်ခဲ့လို့ Alang က ကွာရှင်းပြီး အဖိုး Katte ကို ယူခဲ့တာလို့လည်း သိရပါတယ်။ ဒီနောက်ကွယ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာ၊ Alang ရဲ့ဗိုက်ထဲက ကလေးဟာ ဘယ်သူနဲ့ သက်ဆိုင်တယ်ဆိုတာကတော့ Alang ကိုယ်တိုင်ပဲ သိမယ်ထင်ပါတယ်။

လင်းဇော်ကို

SHARE