ဆင်ဆာဖြတ်တောက်နေမှုတွေကို ဆန့်ကျင်တားဆီးဖို့ “ဆင်ဆာမဲ့စာကြည့်”တိုက်ကို ဖွင့်လှစ်

theuncensoredlibrary.com

နိုင်ငံတော်တော်များများမှာ စာပေရေးရာ၊ သတင်းရေးရာ ကိစ္စရပ်တွေကို အစိုးရတွေက ကြားဝင်နှောက်ယှက်မှုတွေ ရှိနေပြီး၊ မူလဖန်တီးသူရဲ့လက်ရာကို ဆင်ဆာဖြတ်တောက်ခြင်း၊ စိစစ်ထုတ်ဝေခြင်း၊ ပြင်ဆင်ရေးသားခြင်း၊ ထည့်သွင်းရေးသားခြင်း စတဲ့ အနှောက်အယှက်မျိုးစုံနဲ့ သတင်းသမား၊ စာရေးဆရာတွေကို ဖိနှိပ်နေဆဲပါ။

ဒီအတွက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ Reporters Without Borders (RSF) က The Uncensored Library ကို တည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် ဒီစာကြည့်တိုက်ဟာ Minecraft သမားအတွက် ဆာဗာတစ်ခုနဲ့ တစ်ကမ္ဘာလုံးကို ဝန်ဆောင်မှု ပေးနေပါပြီ။

theuncensoredlibrary.com

ဒီစာကြည့်တိုက်မှာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဆင်ဆာဖြတ်တောက်ခံရတဲ့ စာအုပ်တွေ၊ သတင်းစာတွေကို မူလလက်ရာအတိုင်း ခံစားနိုင်ဖို့ စုဆောင်းထားရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီစာတွေကို Minecraft မှာ ဖတ်နိုင်အောင်လည်း ထုတ်လွှင့်ထားပါပြီ။ ဘယ်သူမဆို ဒီစာတွေကို ဖတ်နိုင်ပေမယ့် ဆာဗာအတွင်းကို ဝင်ရောက် ပြင်ဆင်တည်းဖြတ်ခွင့်ကိုတော့ ရမှာ မဟုတ်ပါဘူး။

စာကြည့်တိုက်အင်အား ပိုပြီး ကြီးထွားလာသည်နှင့်အမျှ စာအုပ်တွေဟာ နေ့စဉ်ရာနဲ့ချီ ထပ်ပေါင်းနေတယ်လို့လည်း သိရပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဆင်ဆာဖြတ်တောက်မှုတွေ ရှိနေတဲ့နိုင်ငံမှာ နေထိုင်သူများ၊ ဆင်ဆာမဖြတ်တောက်ရတဲ့စာတွေကို လွတ်လပ်စွာ ဖတ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

theuncensoredlibrary.com

ဒီစာကြည့်တိုက်ကို World Day Against Cyber Censorship နေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ (၁၂)ရက်နေ့မှာ တရားဝင် ဖွင့်လှစ်လိုက်တာပါ။ #TruthFindsAWay ဆိုတဲ့စာသားကို အသုံးပြုပြီးတော့လည်း လူမှုကွန်ရက်အသုံးပြုသူတွေကို ဆင်ဆာဖြတ်တောက်နေမှုတွေအား တိုက်ခိုက်ဖို့ တွန်းအားပေး၊ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။

နိုင်ငံပေါင်း (၅)နိုင်ငံဖြစ်တဲ့ အီဂျစ်၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီနဲ့ ဗီယက်နမ်က ဂျာနယ်လစ်အသီးသီး ဆင်ဆာဖြတ်တောက်ခံရတဲ့ စာမူတွေဟာ ဒီမှာ နဂိုပင်ရင်းအတိုင်း ဖတ်နိုင်နေပါပြီ။ အဆိုပါ ဆင်ဆာဖြတ်တောက်ခံရတဲ့ စာတွေကို အင်္ဂလိပ်လို၎င်း၊ မိခင်ဘာသာရပ်ဖြင့်လည်းကောင်း မူလအရသာမပြတ် ဖတ်ရှုနိုင်မှာပါ။

theuncensoredlibrary.com

RSF အဖွဲ့ဟာ ဒီစာကြည့်တိုက်ကြီး တည်ဆောက်နိုင်ဖို့ BlockWorks နဲ့ ပူပေါင်းခဲ့ပါတယ်။ စာကြည့်တိုက်ကို (၃)လအတွင်း နိုင်ငံပေါင်း (၁၆)နိုင်ငံမှ ဆောက်လုပ်ရေးပညာရှင် (၂၄)ဦးနဲ့ နာရီပေါင်း(၂၅၀)ကျော်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့တာပါ။ ဘလောက်တုန်းပေါင်း (၁၂.၅)သန်းအထိ အသုံးပြုထားပြီး၊ စာကြည့်တိုက်ရဲ့ ပင်မအခန်းဟာ မီတာ(၃၀၀) ကျယ်ဝန်းလို့ ကမ္ဘာ့ဒုတိယအကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။

ဒီနေရာမှာ ဆာဗာအဖြစ် Minecraft ကို ဘာလို့သုံးခဲ့တာလဲလို့ မေးစရာရှိပါတယ်။ Minecraft ရဲ့သက်တမ်းဟာ (၁၀)နှစ်ကျော်နေပြီဖြစ်ပြီး၊ လူငယ်ထုကြားမှာ ရေပန်းစားတဲ့အဟုန်က ကြီးမားလွန်းလို့ ရွေးချယ်ခဲ့တာပါ။ ဆိုရရင် မျိုးဆက်သစ်ကို ဆင်ဆာမဖြတ်တောက်တဲ့စာတွေကို မိတ်ဆက်ချင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Minecraft ဆိုတာ ဗွီဒီယိုဂိမ်းတစ်ခုပါ။

ဂိမ်းနဲ့စာကို ဘယ်လိုပေါင်းစည်းမလဲဆိုတော့ Minecraft ဟာ ကမ္ဘာအနှံ့ကစားလို့ရတဲ့ ဂိမ်းဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိပိတ်စို့ထားတဲ့ Pixelated ကမ္ဘာကို လေ့လာနိုင်ပါတယ်။ ဒီဂိမ်းမှာ Raw material တွေ၊ Craft tool တွေနဲ့ တည်ဆောက်ပုံ Structure တွေကို တစ်ခြားမတူညီတဲ့ နိုင်ငံကလူတွေနဲ့ ပူးပေါင်းအသုံးပြုလို့ရပါတယ်။

ဂိမ်းရဲ့ဖန်တီးမှုအပိုင်းကို Digital Lego အဖြစ် အသိအမှတ်ပြုထားကြပြီး၊ ပညာရေးနယ်ပယ်တွေမှာ အတော်လေး အသုံးတည့်ပါတယ်။ ဂိမ်းရဲ့သဘောတရားကိုက စာအုပ်ကဲ့သို့ Item တွေစုရတယ်၊ စာအုပ်မှာ ရေးလိုရမယ့် စာရွက်(၁၀၀)အထိ ပါမှာဖြစ်ပြီး၊ ကြိုက်ရာ ရေးနိုင်သလို၊ တစ်ခြား Player တွေဟာ ရေးထားသမျှကို စိတ်ကြိုက် ဖတ်နိုင်မှာပါ။ ဒါပေမယ့် တစ်ခြားလူတွေကတော့ Edit လုပ်ခွင့် ရမှာမဟုတ်ပါဘူး။ ဒီအားသာချင်တွေကြောင့် Minecraft ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ဒီစာကြည့်တိုက်မှာ သတင်းအချက်အလက်တွေကို လွတ်လပ်စွာမျှဝေနိုင်ပြီး၊ အတန်းရှင်းလည်း ရှာလို့ရပါတယ်။ ဥပမာအားဖြင့် “ (၂၀၁၉)တစ်ခုနှစ်တည်းတွင် ဂျာနယ်လစ် (၃၉)ဦး၊ နိုင်ငံသားသတင်းထောက် (၁၀)ဦး မတရားသတ်ဖြတ်ခံခဲ့ရပါတယ် … လက်ရှိအချိန်မှာ ဂျာနယ်လစ် (၂၂၈)ဦးနဲ့ နိုင်ငံသားသတင်းထောက် (၁၂၀)ဦးတို့ ထောင်သွင်း အကျဉ်းချထားပြီး၊ ဒါဟာ ကြောက်စရာ ကိန်းဂဏန်းတွေ ဖြစ်ပါတယ် ”စသဖြင့် သတင်းအချက်အလက်တွေကို မျှဝေနိုင်တာမျိုးပါ။

လင်းဇော်ကို

SHARE