တရုတ်သန်းကြွယ်သူဌေးတစ်ဦး အထူးမှာယူခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရွှေသား Mask

YouTube/InsideEdition

တရုတ်နိုင်ငံ၊ သန်းကြွယ်သူဌေးတစ်ဦးက ကမ္ဘာကျော် လက်ဝတ်ရတနာကုမ္ပဏီဖြစ်တဲ့ Yvel ဆီကနေ အထူး Mask တစ်ခု မှာယူခဲ့ရာ၊ အဲဒီသတင်းကို လူစိတ်ဝင်စားမှု များပြားနေပါတယ်။ အဆိုပါ Mask ကို (၁၈)ပဲရည်အစစ် ရွှေတွေနဲ့ ဖန်တီးထားတာဖြစ်ပြီး၊ Mask ပေါ်မှာ စိန်ဖြူစိန်အနက် အပွင့်ရေ (၃၆၀၀)အထိ စီခြယ်ထားပါတယ်။

Mask ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၅)သန်း ဖြစ်ပြီး၊ ပေါင်အားဖြင့်ဆိုလျှင် ပေါင် (၁.၁၅)သန်းအထိ တန်ကြေးရှိပါတယ်။ အလုပ်အပ်နှံခံရတဲ့ ဒီဇိုင်းပညာရှင်ရဲ့အမည်ကတော့ Isaac Levy ဖြစ်ပါတယ်။ 

Yvel.Com

ABC သတင်းစာနဲ့တွေ့ဆုံစဉ်မှာ Levy က သူ့ကို အလုပ်အပ်နှံသူက တိကျတဲ့ တောင်းဆိုချက်(၃)ခုနဲ့အတူ အလုပ်အပ်နှံခဲ့တာပါတဲ့။ သူက “ ပထမတောင်းဆိုချက်က အခုဖန်တီးတဲ့ Mask အနေနဲ့ N99 ဖြစ်ရမယ် ဒီအတွက် FDA အပြင် ဥရောပစံချိန်စံညွှန်း ထောက်ခံချက် ရရမယ်လို့ တောင်းဆိုခဲ့ပါတယ် ”လို့ ပြောပါတယ်။

 

သူက ဆက်လက်ပြီး “ ဒုတိယအချက်ကတော့ ဒီ Mask ကို အခုနှစ် ဒီဇင်ဘာမတိုင်မီမှာ မှာယူထားသူထံကို အရောက်ပို့ပေးရမယ်ပေါ့ … တတိယ တောင်းဆိုချက်ကတော့ သူ့သဘောထားနဲ့ ကိုက်ညီမှာပါ … ဘာလဲဆိုတော့ ဒီ Mask က ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဖြစ်ကိုဖြစ်ရမယ်ပေါ့ ”လို့ ပြောခဲ့ပါတယ်။

 

နောက်ပြီး Levy က “ ကျွန်တော့် ပုဂ္ဂိုလ်ရေးအမြင်ကတော့ ကျွန်တော်သာဆို ဒီ Mask ကြီးနဲ့ လျှောက်သွားနေမှာ မဟုတ်ဘူး … ကျွန်တော့်အထင် ပုံမှန် N95 လောက်ပဲ ဝတ်သင့်တယ်လို့ ထင်တယ် … ပိုက်ဆံဆိုတာ အားလုံးကို ဝယ်လို့မရပါဘူး … ဒါပေမယ့် ဒီလူ့အတွက်တော့ ပိုက်ဆံနဲ့ အလွန်ဈေးကြီးတဲ့ Mask ဝယ်နိုင်ပါတယ် ”

“ နောက်ပြီး သူ ဒီ Mask ကြီးတပ်ပြီး လျှောက်သွယးချင်တယ် … နောက် သူ့ကို အာရုံစိုက်တာမျိုးလိုချင်တယ်ပေါ့ … သူ ဒီအတွက် ပျော်ရွှင်လိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ် … နောက်တစ်ခုက ဒီလို ခက်ခဲကြပ်တည်းလွန်းတဲ့အချိန်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဝန်ထမ်းတွေကို ထိရောက်တဲ့ အလုပ်တစ်ခု ဖြစ်စေခဲ့လို့ ဝမ်းသာပါတယ် … ”လို့ ပြောခဲ့ပါတယ်။

Levy ရဲ့ သူငယ်ချင်းလည်းဖြစ်၊ ဒီဇိုင်းလုပ်ငန်းတွေကိုလည်း အတူတူလုပ်ကိုင်ကြတဲ့ အဖော်လည်းဖြစ်တဲ့ Bezalel Cooper ကတော့ အခု လက်ခံလိုက်တဲ့အလုပ်ဟာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံးအလုပ်ဖြစ်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အဆုံးအစွန်ထိ တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

လင်းသူရိန်

SHARE