စံချိန်တင်ဈေးနဲ့ ရောင်းချခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကိုယ်တိုင်ရေး ပုံတူပန်းချီကား

Sothebys.Com

ဂန္ထဝင်ဒက်ခ်ျပန်းချီဆရာ ရမ်းဘရန့်အကြောင်းကိုတော့ ပန်းချီစိတ်ဝင်စားသူတိုင်း သိကြမယ်ထင်ပါတယ်။ ရမ်းဘရန့်ဆိုတာ တစ်ခေတ်မှာတစ်ယောက်ဆိုသလို ပန်းချီမှော်ပေါက်ခဲ့သူဖြစ်ပြီး၊ Self-portrait ပန်းချီပိုင်းမှာလည်း အလွန်နာမည်ကြီးခဲ့သူပါ။ သူရဲ့ ရှားပါးလှတဲ့ ပန်းချီကားတွေဟာ ဒေါ်လာသန်းချီ တန်နေဆဲဖြစ်ပါတယ်။

အခုလည်း ရမ်းဘရန့်ရဲ့ ကိုယ်တိုင်ရေးပုံတူပန်းချီလက်ရာတစ်ခုကို Sotheby’s ရဲ့ လေလံပွဲမှာ ဒေါ်လာ (၁၈.၇)သန်းနဲ့ ရောင်းချနိုင်ခဲ့ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်(၂၈)ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီလေလံပွဲမှာ ရောင်းချလိုက်ရတဲ့ ဈေးနှုန်းဟာ ရမ်းဘရန့်ရဲ့ပန်းချီလက်ရာတွေထဲမှာတော့ စံချိန်တင်ဈေးနှုန်းတစ်ခုလို့ သိရပါတယ်။

အဆိုပါ ပန်းချီလက်ရာကို (၁၆၃၂)ခုနှစ်က ဆွဲခဲ့တာဖြစ်ပြီး၊ သက်တမ်းအားဖြင့်တော့ နှစ်ပေါင်း (၃၈၈)နှစ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ပန်းချီကို ဝက်သစ်ချအသားနဲ့ ဘောင်ကွပ်ထားပြီး၊ ထိုစဉ်က ရမ်းဘရန့်ဟာ လူရွယ်တစ်ယောက်သာ ဖြစ်ပါတယ်။

Wikimedia Commons

ရမ်းဘရန့်ဟာ ကိုယ်တိုင်ရေးပုံတူ ပန်းချီကား (၈၀)ကျော် ရေးဆွဲခဲ့ပြီး၊ ဒီအထဲမှာ ပုံရေးထွင်းခြင်း၊ ခဲခြစ်ပန်းချီ အစရှိတဲ့လက်ရာတွေ ပါဝင်ပါတယ်။ သူ့အသက် (၂၂)နှစ်ကနေ နောက်ဆုံးအရွယ် (၆၃)နှစ်အတောအတွင်းမှာ ပုံစံအမျိုးမျိုး စိတ်ခံစားချက် အမူအယာအမျိုးမျိုးနဲ့ ပုံတူဂန္ထဝင်ပန်းချီတွေကို ဖန်တီးခဲ့တာပါ။

ယူဆချက်တွေအရ သူဟာ သူ့ဘာသာသူ ပုံတူရေးဆွဲပြီးနောက်၊ တခြားဝယ်လက်တွေကို အဆိုပါပုံတွေပြပြီး စည်းရုံးဖို့ ကြိုးစားခဲ့ဟန်ရှိတယ်လို့ ဆိုပါတယ်။ အခုပန်းချီဟာ လေလံတင်သူအနေနဲ့ (၂၀၀၃)ခုနှစ်တုန်းက စံချိန်တင်ရရှိခဲ့တဲ့ ရမ်းဘရန့်ရဲ့ပုံတူပန်းချီထက် ဈေးအများကြီး ပိုရခဲ့တဲ့အဖြစ်ပါ။ ထိုစဉ်က ပုံတူပန်းချီကို ဒေါ်လာ (၈.၉)သန်းနဲ့ ရောင်းနိုင်ခဲ့ပါတယ်။

အခု ပန်းချီနဲ့အတူ ဒေါ်လာ(၁၀)သန်းကျော် တန်ဖိုးရှိ အခြားရှေးဟောင်းပစ္စည်းငါးမျိုးလည်း လေလံတင် ရောင်းချနိုင်ခဲ့ပြီး၊ ဒီအထဲမှာ လွန်ခဲ့တဲ့ နှစ်(၅၀၀)လောက်က ရှေးပစ္စည်းတွေလည်း ပါဝင်ပါတယ်။ အဆိုပါပစ္စည်းတွေကိုလည်း အခွန်အခများအပြီးအစီး၊ ဒေါ်လာ (၁၄.၅)သန်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ဒီလေလံပွဲမှာ ဈေးအများဆုံးရခဲ့တဲ့ ပန်းချီကတော့ စပိန်ပန်းချီဆရာ Joan Miró ရဲ့ (၁၉၂၇)ခုနှစ်က ရေးဆွဲခဲ့တဲ့ Femme au chapeau rouge ပန်းချီကားဖြစ်ပြီး၊ ဒေါ်လာ (၂၈.၈)သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အဆိုပါပန်းချီဟာ (၁၁)မိနစ်ကြာ ဈေးပြိုင်စစ်ပွဲအတွင်းမှာ အံ့မခန်းဈေးနှုန်း ရခဲ့တာလည်း ဖြစ်ပါတယ်။

လင်းသူရိန်

SHARE