ကာရေဘီယန် ကျွန်းစုနိုင်ငံတွေမှာ Super Lotto ဆိုတဲ့ ထီဆုကို ၂၀၀၉ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပါတယ်။ ထီဆုကိုတော့ ကာရေဘီယန်ကျွန်းနိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံသားတွေကို ကံစမ်းခွင့်ပေးခဲ့ထားပါတယ်။ အခုဆိုရင်တော့ ဂျမေကာနိုင်ငံက Super Lotto ကို ကံထူးတာဟာ ၄ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
ဂျမေကာက Super Lotto ကံထူးရှင်တိုင်းမှာ ထုံးစံတစ်ခုရှိပါတယ်။ ထီဆုကြေညာပေးတဲ့ သက်ဆိုင်ရာတွေက သူတို့ရဲ့ နာမည်ကို အပြည့်အစုံ မဖော်ပြရဘဲ နာမည်ပထမစာလုံးနဲ့ မျိုးရိုးနာမည်ကိုသာ ကြေညာပေးရပါတယ်။ ဆုငွေလာထုတ်ရာမှာလည်း မိမိရဲ့ သရုပ်မှန်ကို ဖုံးကွယ်ကြဖို့ ဝတ်စုံတွေ မျက်နှာဖုံးတွေပါ တပ်လာကြပါတယ်။ သူတို့ဘယ်သူဆိုတာ မသိနိုင်ကြအောင်ပါ။ ဒါဟာ ဂျမေကာက ထီဆုကံထူးရှင်တွေတိုင်း လုပ်တဲ့ အစဉ်အလာတစ်ခုလိုတောင် ဖြစ်နေပါပြီ။
Super Lotto ရဲ့ ယခု ၄ ယောက်မြောက် ကံထူးရှင်ကိုတော့ A. Campbell လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်လာတဲ့ ဝတ်စုံဟာဆိုရင်တော့ ကမ္ဘာကျော် လူသတ်ဇာတ်လမ်း Scream ထဲမှ ဝတ်စုံဖြစ်ပါတယ်။ Super Lotto ကို စီစဉ်တဲ့ Supreme Ventures Limited က ဒုဥက္ကဌ Gail Abrahams ကတော့ ကံထူးရှင်တွေရဲ့ သဘောဆန္ဒအတိုင်း လုပ်ဆောင်ခွင့် ပေးထားတာဖြစ်ကြောင်း ဆိုပါတယ်။
ဆုငွေလာရောက်ထုတ်ယူတဲ့အခါ သရုပ်မှန်ကို ဖုံးကွယ်ဖို့ ဝတ်စုံဝတ်လိုတယ်ဆိုရင် ကုမ္ပဏီကိုယ်တိုင်က စီစဉ်ပေးထားတာဖြစ်ပါတယ်။ ကံထူးရှင်က ဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်လိုတဲ့ ဓလေ့ကလည်း ဂျမေကာနိုင်ငံက လူတွေ အဓိကကျင့်သုံးတတ်ကြပါတယ်။ “ဆုငွေများစွာ ပိုင်ဆိုင်လာတဲ့အခါ ကိုယ့်ဆီကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် အခုလို လုပ်ကြတာ ဖြစ်နိုင်လို့ ကျွန်မတို့ နားလည်ပါတယ်” လို့ Gail က ဆက်ပြောခဲ့ပါတယ်။
လုံခြုံရေး ကျွမ်းကျင်ပညာရှင် Robert Finzi-Smith ကတော့ ဂျမေကာက ထီဆုကံထူးသူတွေ အခုလို မျက်နှာကို ဖုံးပြီးလာကြတာဟာ ကိုယ့်ဒုက္ခကိုယ်ရှာတာသာ ဖြစ်ကြောင်း သုံးသပ်ပြပါတယ်။ “ဒါဟာ ကိုယ့်ရဲ့ စိုးရမ်ဖိစီးမှုကို လျှော့ချပေးနိုင်ပေမယ့်လည်း တစ်လျှောက်လုံး ကာကွယ်သွားနိုင်မှာတော့ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က သင့်ဆီမှာ ပိုက်ဆံပုံမှန်ထက် ပိုရှိနေပြီဆိုတာ သိသွားတာနဲ့ ဘယ်တုန်းက တော်ထားမှန်းမသိတဲ့ ဆွေမျိုးတွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဂျမေကန်တွေက အနီးအနားက လူတွေကို အကျိုးပြုနိုင်ရဲ့သားနဲ့ မပြုဘူးဆိုရင် ကိုယ့်ကို မကောင်းတဲ့သူလို့ပဲ သတ်မှတ်တတ်ကြပါတယ်။” Robert ထပ်သတိပေးသွားတာကတော့ ထီပေါက်သူတွေက လူတကာရဲ့ ပစ်မှတ်ဖြစ်လာနိုင်တဲ့အတွက် သတိက အမြဲရှိနေဖို့ လိုကြောင်းဖြစ်ပါတယ်။
ဂျမေကာ Super Lotto ကံထူးရှင်တွေရဲ့ မျက်နှာဖျက်ထားခဲ့ကြပုံတွေကိုလည်း ပြန်လည်ဖော်ပြပေးထားပါတယ်။




Ref: Jamaica Star