မျက်မမြင်သူငယ်ချင်းအတွက် အဖော်ကောင်းအဖြစ် အမြဲအသင့်ဖြစ်နေတဲ့ သူမ

instagram/thegoldensrule

ဘ၀မှာကြုံတွေ့ရတဲ့ အခက်အခဲတွေဆိုတာ ကိုယ့်ခံနိုင်ရည်အားကို စမ်းသပ်ရုံတင်မကပါဘူး။ ဒုက္ခရောက်နေချိန် ဘယ်သူက ကိုယ့်အတွက် မိတ်ဆွေကောင်းလည်းဆိုတာကိုပါ ဖော်ပြနေပါတယ်။ ဒါကြောင့် (၂) နှစ်သားအရွယ် Golden Retriever လေး ဂျိတ်ခ်က အမြင်အာရုံဆုံးရှုံးသွားတဲ့အခါ သူ့ရဲ့အဖော်ဖြစ်တဲ့ အက်ဒီဟာ ဂျိတ်ခ်ကို မိတ်ဆွေကောင်းအဖြစ် အကူအညီအများကြီးပေးခဲ့ပါတယ်။

https://www.instagram.com/p/BxC1Kp_gDfn/

အက်ဒီဟာ ဂျိတ်ခ်အတွက် သစ္စာရှိတဲ့အဖော်ကောင်းလေး ဖြစ်တဲ့အပြင် အလင်းကွယ်နေတဲ့ ဂျိတ်ခ်အတွက် မျက်လုံးတစ်စုံဖြစ်စေခဲ့ပါတယ်။ ဂျိတ်ခ်နဲ့အက်ဒီတို့ရဲ့ သခင်ဖြစ်သူ ကင်မ်ရဲ့ပြောပြချက်အရ မျက်မမြင်လေး ဂျိတ်ခ်ဟာ အက်ဒီရဲ့ အသံကို နားစွင့်ပြီး အနံ့ခံကာ အက်ဒီနောက်ကို လိုက်လေ့ရှိကြောင်း၊ အက်ဒီကတော့ ဂျိတ်ခ်အတွက် လမ်းပြသဖွယ် ပြုမူလုပ်ကိုင်ပေးကြောင်း ပြောပြပါတယ်။

ဂျိတ်ခ်ဟာ မွေးကတည်းက အမြင်အာရုံချို့ယွင်းခဲ့တာတော့ မဟုတ်ပါဘူး။ သူ့အသက် (၂) နှစ်အရောက်မှာမှ မျက်လုံးတစ်ရှူးတွေ ယိုယွင်းပြီး မျက်ရည်မထွက်တော့တာ ဖြစ်ပါတယ်။ ကင်မ်ဟာ ဂျိတ်ခ်ရဲ့ မျက်လုံးကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဂျိတ်ခ်ရဲ့ မျက်လုံးက တဖြည်းဖြည်းနဲ့ အခြေအနေပိုပိုဆိုးလာခဲ့ပါတယ်။

နောက်ဆုံးတော့ ဂျိတ်ခ်ကို ဆေးထိုးပြီး သတ်ရင်သတ်၊ မသတ်ရင် မျက်လုံးထုတ်ပစ်မှ ရတော့မယ်ဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ကင်မ်တို့က ဂျိတ်ခ်နဲ့ ပတ်သက်ပြီး သောကများနေရတဲ့အချိန်မှာ အခြား မျက်လုံးမမြင်တဲ့ခွေးတွေကို ပိုင်ဆိုင်ထားကြတဲ့ ခွေးပိုင်ရှင်တွေက ကင်မ်တို့ကို အားပေးကြပါတယ်။ တကယ်တော့ ခွေးတွေမှာ အမြင်အာရုံရဲ့ အရေးကြီးမှုဟာ တတိယနေရာမှာသာရှိပြီး ပထမအရေးကြီးဆုံးနှစ်ခုက အကြားအာရုံနဲ့ အနံ့ခံအာရုံသာဖြစ်ကြောင်း ရှင်းပြကြပါတယ်။

အများရဲ့ အားပေးမှုကြောင့် ကင်မ်တို့က ဂျိတ်ခ်ဟာ အမြင်အာရုံမရှိပဲလည်း ရှင်သန်ရပ်တည်နိုင်တဲ့အကြောင်းကို သိမြင်ခဲ့ပြီး ဂျိတ်ခ်ရဲ့ ဆိုးဝါးနေတဲ့ မျက်စိနှစ်ဖက်စလုံးကို ထုတ်ပစ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီနောက်မှာတော့ ဂျိတ်ခ်ကို မျက်လုံးခွဲစိတ်ပေးခဲ့ပြီး ဂျိတ်ခ်အတွက် အဖော်ရအောင် လမ်းပြခွေးအဖြစ် အက်ဒီကို ထပ်မံမွေးစားခဲ့တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော အမှောင်ကမ္ဘာထဲမှာ လျှောက်လှမ်းနေရတဲ့ ဂျိတ်ခ်အတွက်တော့ အက်ဒီဟာ နွေးထွေးရာ အားကိုးရာ ဖြစ်နေပြီး အချင်းချင်း အရမ်းချစ်ကြကြောင်းလည်း ကင်မ်က ပြောပြခဲ့ပါသေးတယ်။

READ
ကမ်းရိုးတန်းကို ရေကူးဖြတ်ကျော်ပြီး တစ်ကိုယ်တည်းခရီးနှင်ခဲ့တဲ့ သူရဲကောင်းလေး

လင်းလင်း (ShweMom)

SHARE