ဆေးရုံမှာနေထိုင်နေရတဲ့ သက်ကြီးလူနာတွေကို အားပေးဖို့၊ အလည်အပတ်သွားခဲ့တဲ့ ခွေးလေး

YouTube/KXAN

Therapy Dog ဆိုတာကတော့ ဆေးရုံတွေ၊ လူအိုရုံတွေ၊ သက်ကြီးဂေဟာတွေ၊ ဒါမှမဟုတ် ကလေးတွေရဲ့ ကျောင်းတွေမှာ လူသားတွေ စိတ်ပျော်ရွှင်ဖို့အတွက်၊ ဒါမှမဟုတ် စိတ်သက်တာင့်သက်သာ ဖြစ်စေဖို့အတွက် ရည်ရွယ်ထားရှိကြပါတယ်။ ပြောရရင် နှီးနွယ်ပတ်သက်နေသူတွေကို စိတ်ချမ်းသာစေတဲ့ အမူအရာတွေ လုပ်ပြဖို့ အထူးလေ့ကျင့်ထားတဲ့ ခွေးလေးတွေပါ။

အခုလည်း ကမ္ဘာ့ကပ်ဆိုးရောဂါကြောင့် သီးခြားစောင့်ရှောက်ရေး အခန်းတွေထဲမှာ နေထိုင်နေရတဲ့ သက်ကြီးလူနာတွေဆီကို ခွေးလေးတစ်ကောင်က အလည်အပတ်သွားကာ စိတ်ဓာတ်ရေးရာ သွားရောက်အားပေးခဲ့ပါတယ်။ ခွေးလေးဟာ ဒီအဖိုးအဖွားတွေ အခုလိုအခြေအနေ မဖြစ်ခင်ကတည်းက လက်ပွန်းတတီး နေခဲ့သူပါ။

သာမန်အခြေအနေနဲ့ အိမ်တွင်းပုန်းရတာထက်၊ ရောဂါတစ်ခုခုကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံရတဲ့ဘဝက အတော်လေးကို ခံစားရပါတယ်။ လူကြီးတွေ မပြောနဲ့ စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ လူတွေတောင်မှ စိတ်ဓာတ်ရေးရာအပိုင်းမှာ အတော်လေး ထိခိုက်စေတာပါ။ အခု ခွေးလေးအမည်ကတော့ Tonka ဖြစ်ပါတယ်။


Tonka ဟာ Great Dane မျိုး ခွေးတစ်ကောင်ဖြစ်ပါတယ်။ သူဟာ The Dog Alliance ကနေ Therapy Dog အသိအမှတ်ပြု လက်မှတ်ရထားတဲ့ ခွေးတစ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့် Tonka ဟာ တက္ကဆက်ပြည်နယ်၊ Cedar Park မှာတည်ရှိတဲ့ အဖိုးအဖွား သီးခြားစောင့်ရှောက်ရေးဂေဟာကို သွားရောက်အားပေးခဲ့တာပါ။

Tonka နဲ့အတူ အနီးကပ်စောင့်ရှောက်သူ Courtney Leigh လည်း ပါဝင်ခဲ့ပြီး၊ Leigh ရဲ့လက်ထဲမှာ “ ရှင်တို့ကို လွမ်းနေပါတယ်”ဆိုတဲ့ စာသားပါဝင်တဲ့ ကတ္ထူတစ်ခုကို ကိုင်ထားပါတယ်။ အဖိုးအဖွားတွေကို Leigh က လိုက်လံနှုတ်ဆက်ခဲ့ပြီး၊ အဖိုးအဖွားတွေကလည်း သူတို့လည်း လွမ်းနေကြောင်း မှန်ပြတင်းအတွင်းကနေ လှမ်းပြောကြပါတယ်။ Tonka ဟာ အဖိုးအဖွားတွေအတွက် တစ်စုံတစ်ခုသော စိတ်ဓာတ်အင်အားကို ပေးစွမ်းပါလိမ့်မယ်။

လင်းသူရိန်

SHARE