ကိုဗစ်ကြောက်သူတွေအတွက် အဓိက စားသောက်သင့်တဲ့ သီးနှံ(၂)မျိုးကို ပညာရှင်များအကြံပြု

Freepik/SpecP

ကိုဗစ်-၁၉ အကြောင်း စနစ်တကျ သုတေသနပြုနေတဲ့ ပြင်သစ်အခြေစိုက် သုတေသနလုပ်ငန်းတစ်ခုမှ ပါမောက္ခတစ်ဦးက ကိုဗစ်-၁၉ကြောက်သူတွေအနေနဲ့ ဘယ်လိုအစားစားကို စားသောက်ခြင်းက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။

ဒီဖော်ထုတ်မှုကို ပြင်သစ်နိုင်ငံ၊ မောင့်ပယ်လီယာတက္ကသိုလ်၊ အဆုတ်ရောဂါဆိုင်ရာဆေးပညာဌာနမှ ပါမောက္ခ Jean Bousque က ဖော်ထုတ်ခဲ့တာပါ။ သူရဲ့ဖော်ထုတ်ချက်အရ ဂေါ်ဖီထုပ်(မုန်လာထုပ်)နဲ့ သခွားသီးစားတဲ့လူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်တဲ့အနေအထားကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

Freepik/FreshPoint

Jean ရဲ့အဆိုအရ နှစ်ခုစလုံးကို စုံအောင်စားပေးဖို့မလိုကြောင်း၊ သခွားသီး သို့မဟုတ် ဂေါ်ဖီထုပ် တစ်မျိုးမျိုးကို နေ့စဉ် (၁)ဂရမ်လောက် စားသောက်ပေးရုံနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ကိုဗစ်ကြောင့် သေဆုံးတဲ့နှုန်းကို (၁၃.၆)%ကနေ (၁၅.၇)%အထိ အသီးသီးလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဆလက်ရွက်ကတော့ ဆန့်ကျင်ဖက် အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်ပြီး၊ ထူးခြားတာက တစ်ခြားဟင်းသီးဟင်းရွက်တွေအနေနဲ့ ကိုဗစ်ကိုတိုက်ခိုက်ရာမှာ ထူးခြားတဲ့တုန့်ပြန်သက်ရောက်မှုတွေ မပြဘူးလို့ ပါမောက္ခ Jean က ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီသုတေသနကိစ္စကို တိတိကျကျ သုံးသပ်ထားတဲ့ အပိုင်းတော့ မရှိသေးဘဲ ပြင်သစ်မှာတော့ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေကတော့ ကိုဗစ်ကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ သေဆုံးမှုအချိုးအစားကို ရေတွက်တဲ့အခါမှာ အချက်အလက် ပိုင်ပိုင်နိုင်နိုင်မရှိဘူးဆိုပါက ရလာဒ်ဘက်မှာ အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်လို့ ထောက်ပြခဲ့ပြီး၊ အစားအသောက်နဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းစဉ်ကတော့ ပြင်သစ်က ပထမဆုံး အနီးကပ် သုတေသန လုပ်နေခဲ့တာပါ။

Wkimedia Commons

ပါမောက္ခ Jean ကတော့ ဘယ်လိုအရေးမှာပဲဖြစ်ဖြစ် အစားအသောက်နဲ့ အာဟာရပိုင်းကိုတော့ ပေါ့ပေါ့တန်တန် မတွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူဟာ ယခင်က WHO Global Alliance မှာ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ တိုက်ဖျက်ရေးအတွက် အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

နောက်ပြီး လွန်ခဲ့တဲ့ စနေနေ့(၁၈.၇.၂၀၂၀)က medrxiv ဝက်ဘ်ဆိုက်မှာ တင်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ သုတေသနဆောင်းပါးမှာလည်း ပါဝင်ရေးသားသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ကိုဗစ်ဒဏ်အဆိုးဆုံးခံနေရတဲ့ နိုင်ငံတွေရဲ့ Data တွေကို စစ်တမ်းကောက်ယူခဲ့ပြီး၊ သေချာတာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ အဓိက အစားအစာထဲမှာ သခွားသီးနဲ့ ဂေါ်ဖီထုပ်က မရှိမဖြစ်အစားအစာ မဟုတ်ဘူးဆိုတာပါ။

ပြင်သစ်နိုင်ငံနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ပျမ်းမျှ ဂေါ်ဖီထုပ်စားနှုန်းဟာ လူတစ်ဦးလျှင် နေ့စဉ် (၁)ဂရမ်လောက် စားကြပြီး တစ်ချို့နိုင်ငံတွေကတော့ (၅)ဂရမ်ထက် မပိုတဲ့စားနှုန်းကို စားကြပါတယ်။ လက်ဗီးယားမှာဆိုရင် ဂေါ်ဖီထုပ် (၃၀)ဂရမ်လောက်အထိ ပျမ်းမျှစားသောက်ကြပြီး၊ ကမ္ဘာမှာတော့ ကိုဗစ်ကြောင့် သေဆုံးမှုအနည်းဆုံးနိုင်ငံထဲမှာ ရပ်တည်နေစေပါတယ်။

ဆိုက်ပရပ်မှာဆိုရင်တော့ ဂေါ်ဖီထုပ် မစားသလောက်ပါဘဲ။ သို့ပေသည့် သူတို့ဟာ သခွားသီးကို မြိန်ရေရှက်ရေ စားသောက်ကြတာကြောင့် လက်ဗီးယားရဲ့ ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းထားနဲ့ အတူတူလောက် ဖြစ်နေပါတယ်။ သူတို့ဟာ သခွားသီး(၃၀)ဂရမ်လောက်အထိ စားသုံးကြပါတယ်။

အဲဒီသီးနှံတွေကြောင့် လူရဲ့ခန္ဓာကိုယ်ထဲမှာ Nrf2 လို့ခေါ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးကို ဖြစ်စေကြောင်း၊ အဆိုပါပရိုတိန်းဓာတ်ဟာ ကိုဗစ်ကိုဖြစ်စေတဲ့ Sars-Cov-2 ရဲ့နှောက်ယှက်မှုကို သိသိသာသာ လျှော့ချပေးနိုင်တဲ့အတွက် အခြားသူတွေနဲ့နှိုင်းယှဉ်တဲ့အခါ အသေအပျောက်နည်းခြင်းကို ဖြစ်စေနိုင်တာလို့ ကောက်ချက်ချနေကြပါတယ်။

လင်းသူရိန်

SHARE