ရုပ်ရှင်ဇာတ်ကောင်အတွက် မယုံကြည်ဖွယ် ပြောင်းလဲနိုင်ခဲ့တဲ့ သရုပ်ဆောင်(၈)ယောက်

Imdb/TheDarkKnight

အောင်မြင်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ရုပ်ရှင်ထဲက ရုပ်ရှင်ဇာတ်ကောင်ဟာ ပရိသတ်ရင်ထဲမှ တစ်သက်တာ စွဲထင်ကျန်ရစ်ဖို့ဆိုတာက ပိုတောင် မလွယ်ကူတာပါ။ ရုပ်ရှင်တွေကလည်း အများကြီး၊ ရုပ်ရှင်သရုပ်ဆောင်ဇာတ်ကောင်တွေကလည်း တစ်ပုံတစ်ပင်။ အဲဒီထဲမှာမှ ကိုယ့်ရဲ့ ရုပ်ရှင်ဇာတ်ကောင်တစ်ယောက်ကို ထူးခြားပြီး မှတ်မိနေစေဖို့၊ ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်ကောင်ရဲ့ ပုံစံအတိုင်း အတိအကျ သရုပ်ဆောင်ဖို့အတွက် နာမည်ကျော် မင်းသား၊ မင်းသမီးတွေဟာ အပြင်းအထန်ကြိုးစားကြပါတယ်။ ဥပမာ ကိုယ်ရိုက်ရမယ့် ဇာတ်ကောင်ဟာ ရောဂါသည်တစ်ယောက်နေမှာဆိုရင် ကိုယ်လည်း မျက်တွင်းဟောက်ပက်နဲ့ ရောဂါသည်တစ်ယောက်လို ဖြစ်ဖို့ ဝိတ်တွေအများကြီးလျှော့ချပစ်ရပါတယ်။ ဒီလို ရုပ်ရှင်ဇာတ်ကောင်နဲ့ လိုက်ဖက်ဖို့အတွက် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲခဲ့တဲ့ သရုပ်ဆောင် ၈ ယောက်အကြောင်းကို ဖော်ပြလိုက်ပါရစေ။

1 – Tom Hanks ရဲ့ Cast Away
Imdb/CastAway

မင်းသားကြီး တွမ်ဟန့်စ်ဆိုရင် ရုပ်ရှင်ချစ်သူတွေတိုင်း သိကြမယ့် နာမည်တစ်လုံးပါ။ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Cast Away အတွက် သူ ကြိုးစားပုံက ကြောက်စရာပါ။ လေမုန်တိုင်းတိုက်လို့ လူမရှိ သူ မရှိ ကျွန်းငယ်တစ်ခုမှာ နေထိုင်ရတဲ့ အထီးကျန်လူတစ်ယောက်ရဲ့ ပုံစံကို ရရှိဖို့အတွက် ရုပ်ရှင် ရိုက်ကူးနေခြင်းကို တစ်နှစ်တိတိနားပြီး လေ့ကျင့်ခဲ့ပါတယ်။ အစာရေစာငတ်ပြတ်ပြီး ကိုယ်ခန္ဓာအင်အားမရှိတော့တဲ့ လူတစ်ယောက်အဖြစ် ရဖို့အတွက် တွမ်ဟန့်စ်ဟာ ပေါင် ၅၀ လောက် ဝိတ်လျှော့ခဲ့ရပြီး မုတ်ဆိတ်တွေ၊ ဆံပင်တွေကိုလည်း အတုမသုံးဘဲ တကယ့်ကိုအရှည်ထားပြီး ရိုက်ကူးခဲ့တာပါ။ 

2 – Tom Cruise ရဲ့ Mission Impossible: Rogue Nation
Imdb/MissionImpossible

တွမ်ခရုစ်ကတော့ တကယ့်ကို သဘာဝမင်းသားတစ်လက်ပါပဲ။ စွန့်စားခန်းတွေ၊ ထိုးကြိတ်ခန်းတွေကို လူစားမထိုးဘဲ သူ ကိုယ်တိုင် ရိုက်မှ စိတ်တိုင်းကျပါသတဲ့။ ထိခိုက်ဒဏ်ရာရမှာစိုးလို့ ဒါရိုက်တာက လူစားခိုင်းဖို့ တွန်ခရုစ်ကို ပြောလိုက်တိုင်း တွမ်ခရုစ်ဟာ အင်မတန်ကို စိတ်ဆိုးလေ့ရှိပါတယ်။ တွမ်ခရုစ့်ရဲ့ Mission Impossible ရုပ်ရှင်စီးရီးထဲက Rogue Nation ကားမှာ တွမ်ခရုစ်တစ်ယောက် ရေအောက်ကို အချိန်အတော်တော် ကြာကြာ ငုတ်ရတဲ့ အခန်းတစ်ခန်းပါဝင်ပါတယ်။ တကယ်တော့ အဲဒီအခန်းကို ရိုက်ကူးဖို့အတွက် တွမ်ခရုစ်ဟာ  ရေငုတ်ကျွမ်းကျင်သူတစ်ယောက်ကို ငှားရမ်းပြီး လေ့ကျင့်စေခဲ့ပြီးမှ ရိုက်ကူးခဲ့တာပါ။ အဆုတ်ရဲ့ အလုပ်လုပ်ပုံကိုလည်း သေချာလေ့ကျင့်ပြင်ဆင်ခဲ့ပြီး ရေအောက်မှာ ၆ မိနစ်အကြာနေထိုင်ဖို့အတွက်လည်း အပြင်းအထန်လေ့ကျင့်ခဲ့တာပါ။ ဒီအခန်းဟာ တွမ်ခရုစ်ကိုယ်တိုင် ရေအောက်မှာ လူစားမထိုးဘဲ ရိုက်ကူးခဲ့တာပါပဲ။

3 – Adrien Brodyရဲ့ The Pianist
Imdb/ThePiantist

ဟစ်တလာရဲ့ နာဇီပါဝင်မှုတွေရဲ့ ရက်ရက်စက်စက်လူမျိုးတုန်းသတ်ဖြတ်မှုအတွင်းမှာ ရုန်းကန်ရှင်သန်နေခဲ့ရတဲ့ ပိုလန်နိုင်ငံသား စန္ဒရားဆရာတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ The Pianist ဟာ မင်းသား Adrien Brody ရဲ့ အကောင်းဆုံးသော ရုပ်ရှင်ကားတစ်ကားထဲက တစ်ကားလို့ ဆိုရင် လုံးဝမမှားနိုင်ပါ။ တကယ်တော့  ဒီလို သဘာဝကျကျ ဇာတ်ကောင်တစ်ကောင်ကို ပိတ်ကားရှေ့၊ ဖန်သားပြင်ရှေ့မှာ မြင်တွေ့ရဖို့ Adrien Brody ဟာ တော်တော်ကြိုးစားခဲ့ရပါတယ်။ ဇာတ်ကောင် စရိုက်ကို ရရှိဖို့အတွက် အရင်ဆုံး သူ နေထိုင်ရာပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူ လက်ရှိနေနေတဲ့ တိုက်ခန်းမှာ မနေတော့ဘဲ ဥရောပတိုက်ကို အိတ် ၂ လုံးနဲ့ ထွက်သွားခဲ့ပါတယ်။ ခရီးစရိတ်အတွက်လည်း သူ့ရဲ့ ကားကို ရောင်းထုတ်ခဲ့ပါတယ်။ သူနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။  ပေါင် ၃၀ ကျဖို့အတွက် Diet Plan တွေလည်း လုပ်ခဲ့ရသလို စန္ဒရားတီးဖို့လည်း သင်ခဲ့ရပါတယ်။ ဒီလို ကြိုးစားအားထုတ်မှုတွေဟာ The Pianist ရုပ်ရှင်ဇာတ်ကားအတွက် တော်တော်လေးကို အထောက်အကူဖြစ်စေခဲ့ပြီး Adrien Brody ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကမ္ဘာက လက်ဖျားခဲ့ရပါတယ်။

4 – Heath Ledgerရဲ့ The Dark Knight 
Imdb/TheDarkKnight

ဂျိုကာနေရာမှာ သရုပ်ဆောင်ဖို့အတွက် Heath Ledger ရဲ့ ပြင်ဆင်မှုကိုလည်း ဒီစာရင်းထဲမှာ ထည့်သွင်းထားရမှာပါ။ အခုအချိန်မှာ Joker ဆိုတာကို ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ဖို့အတွက်  Heath Ledger ရဲ့ Joker ဟာ အရေးကြီးတဲ့ နေရာတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ဒီလို ပြောင်မြောက်ပြီး တော်တော်လေးကို ပြောစမှတ်တွင်ခဲ့တဲ့ Joker ဇာတ်ကောင်ကို ပီပြင်ဖို့အတွက် Heath Ledger ဟာ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ တစ်လနီးပါးလောက် ဟိုတယ်အခန်းထဲမှာ တစ်ယောက်တည်း ဘယ်သူနဲ့မှ မတွေ့ဘဲ သော့ပိတ်ထားပြီး Joker ရဲ့ ပုံစံကို ရဖို့အတွက် လေ့ကျင့်ခဲ့ရပါတယ်။ Joker ဇာတ်ကောင်အတွက် ဒိုင်ယာရီသီးသန့်ရေးခဲ့ပြီး နေ့စဉ်လိုလို Joker အတွက် စိတ်ချည်းပဲ နှစ်ထားခဲ့ပါတယ်။ ဒီနောက်မှာတော့ Joker ရဲ့ ထူးခြားတဲ့ အသံပိုင်းဆိုင်ရာကို  လေ့ကျင့်ခဲ့ရပါတယ်။ ဒီလိုကြိုးစားအားထုတ်မှုတွေဟာ Heath Ledger ရဲ့ Joker ကို ဖြစ်စေခဲ့တာပါ။

5 – Leonardo DiCaprioရဲ့ The Revenant
Imdb/TheGreatGatsby_Imdb/TheRevenant

The Revenant ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် တိရစ္ဆာန်အသေရဲ့ ဝမ်းဗိုက်ထဲ ဝင်အိပ်တာ၊ အသားစိမ်း ငါးစိမ်းကို စားတာ၊ ရေခဲမြစ်ထဲမှာ ကူးခတ်ရတာတွေကို Leonardo DiCaprio ဟာ တကယ့်အပြင်မှာ အကြိမ်ကြိမ်ကြိုတင် လေ့ကျင့်ခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာ ပီပြင်ဖို့အတွက် Leonardo DiCaprio ဟာ တကယ့်ကို လက်တွေ့ကျကျ သရုပ်ဆောင်ဖို့အတွက် အသားစိမ်းငါးစိမ်းတွေကိုစားခဲ့ပြီး ရေခဲမြစ်ထဲမှာလည်း ရေကူးခဲ့ပါတယ်။ မြင်းအသေတစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာလည်း တကယ့်ကို အိပ်ပြီး လေ့ကျင့်ခဲ့ပါတယ်။ The Revenant ရုပ်ရှင်ဟာ Leonardo DiCaprio အတွက် Master Piece ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပြီး အော်စကာဆုကိုလည်း ဒီ ရုပ်ရှင်နဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

6 – Margot Robbie ရဲ့I, Tonya
Imdb/I,Tonya

ဟာလီကွင်းဇာတ်ကောင်နဲ့ အတူ ပရိသတ်အားပေးမှုများပြားလာတဲ့  Margot Robbie ရဲ့I, Tonya ဇာတ်ကားက တော်တော်လေးကို အံ့သြဖို့ကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ ရေခဲပြင်စကိတ်စီးတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ရိုက်ကူးနိုင်ဖို့အတွက်  Margot Robbieဟာ သူ့ရဲ့ ဇာတ်ကောင်အပေါ်ကို အရိုးသားဆုံးပဲ ချည်းကပ်ခဲ့ပါတယ်။ငါးလလောက် နေ့စဉ် နေ့စဉ် ရေခဲပြင်စကိတ်ကို နာရီပေါင်းများစွာ စီးခဲ့ပါတယ်။ စကိတ်စီးဖို့အတွက် လေ့ကျင့်မှုတွေကို အပြင်းအထန် ပြုလုပ်ခဲ့ပါတယ်။ တကယ့်အပြင်မှာ ရှိနေတဲ့ Tonya Harding ရဲ့ သရုပ်ကို မိဖို့အတွက်Tonya Harding ရဲ့ စကိတ်စီးတဲ့ ဗီဒီယိုဖိုင်တွေကို အချိန်များစွာပေးပြီး လေ့ကျင့်ခဲ့ပါတယ်။

7 – Natalie Portman ရဲ့ Black Swan
Imdb/BlackSwan

Black Swan ရုပ်ရှင်ကားထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတစ်ခုဖြစ်ဖို့အတွက် Natalie Portman ဟာ တကယ့်ပဲ အပြင်မှာ ဘဲလေး အကကို တစ်နေ့ကို ၈ နာရီလောက် လေ့ကျင့်ခဲ့ရတာပါ။ တစ်နှစ်နီးပါးလောက် နယူးယောက်က ဘဲလေးသင်ပေးတဲ့ သူတစ်ယောက်ဖြစ်တဲ့ Mary Helen Bowers ဆိုသူရဲ့ လေ့ကျင့်မှုအောက်မှာ တစ်ပတ်ကို ၆ ရက်၊ တစ်ရက်ကို ၈ နာရီ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရပါတယ်။ ပေါင် ၂၀ လောက် ဝိတ်ကျစေဖို့အတွက်လည်း တစ်လလောက်နီးပါး ဘာအစားမှမစားဘဲ မုန်လာဥနီချည်းပဲ စားခဲ့ပြီး ဇာတ်ကောင်နဲ့ တူဖို့အတွက် ကြိုးစားခဲ့ပါတယ်။

8 – Michelle Williams ရဲ့  My Week With Marilyn
Imdb/MyweekWithMarilyn

အလှနတ်ဘုရားမလို့တောင် တင်စားလို့ရမယ့် မာရီလင်မွန်ရိုးအကြောင်းကို ပြန်လည်  ရိုက်ကူးထားတဲ့ My Week With Marilyn ရုပ်ရှင်ဇာတ်ကား မှာ မာရီလင်မွန်ရိုးအဖြစ်  Michelle Williams က သရုပ်ဆောင်ခဲ့ပါတယ်။ မာရီလင်မွန်ရိုးရဲ့ စွမ်းဆောင်မှုရှိတဲ့ အရာက သူ(မ)ရဲ့ အပြုံးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လမ်းလျှောက်ပုံပါ။ မာရီလင်မွန်ရိုးရဲ့ လမ်းလျှောက်ပုံဟာ အင်မတန်နာမည်ကြီးပါတယ်။ ဒီလို လမ်းလျှောက်ပုံကို ရရှိဖို့အတွက် မွန်ရိုးနေရာမှာ သရုပ်ဆောင်တဲ့ Michelle Williams ဟာ ရုပ်ရှင်ရိုက်ကူးနေစဉ်လျှောက်လုံး သူ(မ)ရဲ့  ဒူးခေါင်းနှစ်ခုစလုံးကို ခါးပိတ်နဲ့ ချည်တုပ်ထားပြီး သရုပ်ဆောင်ခဲ့တာပါ။

 

READ
ဝေဖန်မှုတွေကို ဖြေရှင်းရင်း အိမ်စည်ရဲ့ အတွင်းရေးတွေကိုပါ Miss Golden Land Myanmar ဖွင့်ချ

YYK

SHARE