ထီလက်မှတ်မှာ ပေါက်ဂဏန်းကို ကော်နဲ့ကပ်ပြုပြင်ပြီး ဆုငွေထုတ်ဖို့ ကြိုးစားခဲ့သူများ

Rankin County Jail

ထီလက်မှတ်လိမ်လည်မှုတွေဟာ မကြာခဏ ကြားဖူးနေကျ သတင်းတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ကလည်း ထီလက်မှတ်အတုကို နည်းပညာနဲ့သုံးပြီး လိမ်လည်ဖို့ ကြိုးစားကြသလို၊ တစ်ချိုကလည်း ထီဂဏန်းတွေပေါ်မှာ ပြင်ရာဖျက်ရာတွေနဲ့ လိမ်လည်ဖို့ ကြိုးစားကြပါတယ်။ တစ်ခါတလေကျတော့လည်း သူပေါက်တယ် ငါပေါက်တယ် အငြင်းပွားမှုတွေ ရှိတတ်ပါတယ်။

အခုလည်း အမျိုးသားနှစ်ယောက်ဟာ ထီလက်မှတ် ပေါက်ဂဏန်းအတုနဲ့ ထီဆုငွေ လိမ်လည်ထုတ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ထီလိမ်ခဲ့သူတွေသမိုင်းမှာတော့ အတော်လေး မြင်သာထင်သာရှိစေတဲ့ လိမ်လည်မှုနဲ့ ထီဆုငွေ ဒေါ်လာတစ်သိန်းကို ထုတ်ယူဖို့ ကြိုးစားခဲ့ကြတာပါတဲ့။

Mississippi Lottery Corp

 

ဘယ်လောက်အထိ ဆိုးသလဲဆိုရင် ထီလက်မှတ်ပေါ်မှာ ဂဏန်းတွေကို ကော်နဲ့ထပ်ကပ်ပြီး လိမ်လည်ဖို့ ကြိုးစားခဲ့တာပါ။ သူတို့အမည်တွေကတော့ Odis Latham (၄၇)နှစ်နဲ့ အဖော်ဖြစ်သူ Russell Sparks (၄၈)နှစ်တို့ ဖြစ်ကြပါတယ်။ သူတို့အနေနဲ့ကတော့ ဒီလက်မှတ်ဟာ ထီလက်မှတ်အစစ်နဲ့ ထပ်တူဖြစ်တယ်လို့ စိတ်ထဲကနေ ပိပိရိရိ တွေးမိခဲ့ပုံပါဘဲ။

နှစ်ယောက်စလုံးကို အခုနှစ် ဇန်နဝါရီလ(၆)ရက် တနင်္လာနေ့မှာ ဖမ်းမိခဲ့တာပါ။ နှစ်ဦးသားဟာ ကိုလန်ဘက်စ်က Mississippi State Lottery ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး ထီလိမ်ထုတ်ဖို့ ကြိုးစားခဲ့ကြတာလို့ သိရပါတယ်။ ထီရုံးတာဝန်ရှိသူ Meg Annison ရဲ့အဆိုအရတော့ သူတို့နှစ်ယောက်ရဲ့လိမ်လည်မှုကို ချက်ချင်းရိပ်မိခဲ့တယ်လို့ ပြောပါတယ်။

 

ပြစ်မှုကျူးလွန်သူတွေနှစ်ဦးဟာ အခြားထီလက်မှတ်ဂဏန်းတွေကို ဖြတ်ညှပ်ကပ်လုပ်ယူပြီး ထီလက်မှတ်တစ်ခုမှာ ပေါင်းစပ်ပြီး ဆုငွေထုတ်ယူဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။ Latham နဲ့ Sparks တို့ဟာ ဒေါ်လာ(၁၀၀၀)ထက်ပိုတဲ့ လိမ်လည်မှုကြီးကို ကျူးလွန်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး သက်ဆိုင်ရာက အမှုဖွင့်ထားပါတယ်။ နှစ်ယောက်သား Rankin County Jail မှာ ချုပ်နှောင်ထားပါတယ်။

လင်းဇော်ကို

SHARE