
လူတော်တော်များများဟာ အသက်ကြီးတဲ့အချိန်မှာ များသောအားဖြင့် စိတ်လျှော့လိုက်ကြပါတယ်။ လူကြီးတော်တော်များများရဲ့ အတွေးထဲမှာ အသက်ကြီးလာရင် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ကျပြန်တော့လည်း အသက်ကြီးတဲ့အထိကို လူငယ်ဆန်ဆန်၊ အထာကျကျနဲ့ပဲ ဖြတ်သန်းကြပါတယ်။ အခုပြောပြချင်တဲ့ အဖိုးအဖွားစုံတွဲဆိုရင် အခုအချိန်အထိ လန်းနေသလို သူတို့တက်တဲ့ ဖက်ရှင်ပွဲတိုင်းမှာလည်း လူကြည့်အခံရဆုံး ဖက်ရှင်မောင်နှံအဖြစ် သတ်မှတ်ခံထားရပြီး တော်တော်လေးကို လိုက်ဖက်တဲ့ ဖက်ရှင်အကျဆုံး ဇနီးမောင်နှံအဖြစ် လူအများက အားကျနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အပေါ်မှာ တွေ့ရတဲ့ အထာကျကျ ဖိုးဖိုးနဲ့ ဖွားဖွားကတော့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ နေထိုင်တဲ့ Gunther Krabbenhoft လို့ အမည်ရတဲ့ ဖိုးဖိုးနဲ့ Britt Kanja လို့ အမည်ရတဲ့ ဖွားဖွားတို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ပုံစံကတော့ မြင်တဲ့အတိုင်းပါပဲ။ Gunther ဟာ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ် ရပ်တည်ခဲ့တာ တော်တော်လေးကို ကြာခဲ့ပါပြီ။ Gunther ဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်တာနဲ့အညီ သူ့ရဲ့ မိန်းမကိုလည်း ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ခိုင်းပုံ ပေါ်ပါတယ်။
Gunther ဟာ သူသွားတဲ့ ဖက်ရှင်ပွဲတိုင်း မိန်းမဖြစ်သူ Britt ကို ခေါ်သွားလေ့ရှိပါတယ်။ ဒါ့ကြောင့် Gunther နဲ့ Britt သွားတဲ့ ဖက်ရှင်ပွဲတိုင်းမှာ လူအများရဲ့ ကြည့်ရှု့မှုကို ခံရသလို သူတို့ဝတ်ဆင်ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာလည်း အင်မတန် ခေတ်မှီပြီး စတိုင်ကျတာကြောင့် ပွဲအတွင်းရှိ လူအများအပြားရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ စုံတွဲတစ်တွဲဆိုလည်း မမှားပါဘူး။
“တော်တော်များများက အသက်ကြီးလာတာကို ဘာလို့ ဒီလိုမျိုးတွေ ဝတ်နေသေးလဲလို့ မေးတတ်ကြပါတယ်။ ကျွန်တော်သိချင်တာက အသက်ကြီးလာရင် ဒီလိုဖက်ရှင်ကျကျ မဝတ်ရဘူးလို့ အမိန့်ထုတ်ထားတာရှိလား။ လူတိုင်းမှာ ကိုယ့်စတိုင်နဲ့ကိုယ်ဆိုတာ ရှိပါတယ်။ ဒီလိုပဲ ဒါက ကျွန်တော့်ရဲ့ စတိုင်ပါပဲ။ ဘာကြောင့်ဝတ်လဲမေးရင်တော့ ဖက်ရှင်ဆိုတာကြီးကို ကျွန်တော်ကိုယ်တိုင်အရမ်းရူးသွပ်တာပါ။ ကျွန်တော့်မိန်းမကော ကျွန်တော့်လိုပါပဲ” လို့ Gunther က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw