သင့်ကိုဖွင့်မပြောပေမယ့်သင့်ဆီကနေ ကလေးတွေကြားချင်တဲ့စကားများ

ခုချိန်မှာသင့်ရဲ့ငယ်ဘ၀ကို ပြန်တွေးမိနေတယ်ဆိုရင်ငယ်ငယ်တုန်းကသင့်မိဘတွေဆီကဘယ်လိုဂရုစိုက်မှုမျိုးကိုတောင့်တမိခဲ့လဲဆိုတာပြန်တွေးမိမှာပါ။အဲဒီလိုပဲသင့်ရဲ့ကလေးတွေကလည်းသင့်ဆီကနေ နေ့တိုင်းကြားချင်နေတဲ့စကားတွေသူတို့ကိုသင်ပြောလာဖို့အလိုရှိနေတဲ့အရာတွေရှိနေတယ်ဆိုတာသိလာမှာပါ။ကလေးတွေအနေနဲ့သူတို့ကို နေ့တိုင်းပြောစေချင်နေတဲ့ လျှို့ဝှက်ချက်လေးတွေဲထဲကအချို့ကို Shwemomကနေစုစည်းဖော်ပြပေးလိုက်ပါတယ်။

သား/သမီးကိုချစ်တယ်

ကလေးတိုင်းမိဘတွေရဲ့ချစ်ခင်ယုယမှုကိုလိုချင်ကြပါတယ်။ဒါတင်မကသေးဘူး သူတို့ကိုချစ်တယ်ဆိုတာကိုလည်း ပါးစပ်ကနေထုတ်ပြောစေချင်ကြပါတယ်။တခါတလေမိဘနဲ့သားသမီးကြားမှာနားလည်မှုလွဲတာလေးတွေကမိဘကကိုယ့်ကလေးကိုချစ်ပေမယ့်လည်းအလိုမလိုက်ဘူး၊ထုတ်ဖော်မပြဘူးဆိုတဲ့အချက်ပါ။ကလေးတွေဟာလိုချင်တပ်မက်မှုအနည်းဆုံးလူသားလေးတွေဖြစ်ပြီး ရှားရှားပါးပါးသူတို့လိုချင်တာကတော့ သင့်ဆီက ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းပါပဲ။

သား/သမီးရဲ့ ကြိုးစားမှုကိုအသိအမှတ်ပြုပါတယ်

ကလေးတွေအနေနဲ့သူတို့မိဘတွေဆီကအလိုချင်ဆုံးဆုကတော့သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုပေးတာပါပဲ။ငါ့သမီးကတော်လိုက်တာ၊ ငါ့သားအကောင်းဆုံးကြိုးစားခဲ့တာပဲ စသဖြင့် မိဘတွေရဲ့အသိအမှတ်ပြုတဲ့စကားတစ်ခွန်းက သူတို့အတွက်ခွန်အားတွေဖြစ်စေသလိုနောက်ထပ်ကြိုးစားအားထုတ်မှုတွေအတွက်လည်းအသင့်အနေအထားမှာရှိနေစေပါတယ်။

သား/သမီးကိုယုံတယ်

မိဘတွေရဲ့ယုံကြည်မှုကကလေးတွေကိုသူတို့ကိုယ်တိုင်တာဝန်ယူလိုစိတ်ဖြစ်စေပါတယ်။အဖေနဲ့အမေကင့ါဘက်မှာရှိနေတယ်ငါဒါကိုအကောင်းဆုံးကြိုးစားမယ်ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ကမိဘတွေသားသမီးအပေါ်ထားတဲ့ယုံကြည်မှုတစ်ခုကြောင့်ဖြစ်ပေါ်လာရတာပါ။သူတို့ကိုဘယ်သူမှမယုံကြည်ရင်တောင်အနည်းဆုံးတော့ကိုယ့်မိဘတွေရဲ့ယုံကြည်မှုကိုလိုချင်ကြပါတယ်။

သားတို့သမီးတို့နဲ့အခုလိုအတူတူရှိနေတာသိပ်ပျော်တာပဲ

အခုခေတ်မိဘတွေဟာစီးပွားရေး၊လူမှုရေးတွေရဲ့တာဝန်တွေဝတ္တရားတွေကြားမှာမအားလပ်အောင်ရှိလာကြပါတယ်။မိဘနဲ့သားသမီးအတူရှိချိန်တွေဟာတဖြည်းဖြည်း ရေစီးကမ်းပြိုသလိုဖြစ်လာပါတယ်။ဒီလိုအနေအထားမှာသားသမီးတွေနဲ့ရှိနေတဲ့အချိန်လေးကိုတန်ဖိုးထားပေးရင်သားသမီးတွေဘက်ကလည်းမိဘတွေအပေါ်ပြန်လည်နားလည်ပေးနိုင်လာပါလိမ့်မယ်။ ကျောင်းသွားရ၊အားကစားသင်တန်းတွေတက်ရနဲ့သူတို့ကိုယ်တိုင်လည်းပင်ပန်းနေရတဲ့အတွက်မိဘတွေနဲ့အတူရှိချိန်လေးတွေကိုတန်ဖိုးထားတတ်ကြခြင်းဖြစ်ပါတယ်။

သားနဲသမီးက အဖေအမေတို့အတွက်အရေးပါတဲ့သူတွေပါ

ကိုယ်ဟာတစ်စုံတစ်ယောက်အတွက်အရေးကြီးလူသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ခံစားချက်ကကလေး၊လူကြီးမကွဲပြားပါဘူး။ကိုယ့်ကိုယုံကြည်တဲ့သူကိုယ့်ကိုအရေးကြီးလူသားအဖြစ်လက်ခံထားတဲ့သူအတွက်အကောင်းဆုံးကြိုးစားချင်ကြပါတယ်။ကလေးတွေလည်းအတူတူပါပဲ။သူတို့လည်း မိဘတွေအတွက် အရေးကြီးလူသားလေးတွေဖြစ်ချင်ကြပါတယ်။

ChoChoThan(Shwemom)

ref:lifehack.org

SHARE