အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘတွေအပေါ် သားသမီးတွေမပြုလုပ်သင့်တဲ့အရာများ

unsplash/Cristian Newman

ပညာရှိတွေက မိဘတွေကို ဘုရားနဲ့တစ်ဂိုဏ်းတည်းထားကာ အနန္တဂိုဏ်းဝင်တွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ သားသမီးတွေအနေနဲ့ကလည်း ငယ်စဉ်ကတည်းက ကိုယ့်ကို ခြေလက်အင်္ဂါ အစုံအလင်နဲ့ မွေးပေးခဲ့ပြီး ဒီအရွယ်ထိ လူလားမြောက်အောင် ကျွေးမွေးခဲ့၊ ပညာသင်ပေးခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးကို မမေ့သင့်ပါဘူး။ မိဘတွေ အိုမင်းလာတဲ့အခါ၊ အသက်ရလာတဲ့အခါ ပြန်လည်ပြုစုစောင့်ရှောက်ရမယ့် တာဝန်ဟာ သားသမီးတွေရဲ့ဝတ္ထရားပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ brightside ကနေတဆင့် တွေ့ရှိရတဲ့ သားသမီးတွေအဖို့ မှတ်သားထိုက်တဲ့ အကြံပြုချက်လေးတွေပဲ ဖြစ်ပါတယ်။

မိဘတွေကို လျစ်လျူမရှုပါနဲ့

မိဘတွေဟာ သူတို့အသက်ရလာတဲ့အခါ သားသမီးတွေကို ပိုပြီးအားကိုးတတ်ပါတယ်။ သားသမီးတွေအနားမှာ နေချင်တယ်၊ သားသမီးတွေနဲ့ အချိန်တူတူဖြုန်းချင်ပါတယ်။ ဒါကြောင့် မိဘတွေအသက်ရလာတဲ့အခါ ပိုလို့တောင် သူတို့ကို ဂရုစိုက်ပေးရပါမယ်။ လူတွေဟာ အသက်ကြီးလာတဲ့အခါ ငါဘာမှမစွမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ စိတ်ဓာတ်ကျလာတတ်ကြပါတယ်။ ဒီလို အချိန်မှာ သားသမီးတွေက သူတို့ကို ဦးစားပေးတာ၊ အကြောင်းကိစ္စရှိလာခဲ့ရင် တိုင်ပင်ဆွေးနွေးတာမျိုးပြုလုပ်တဲ့အခါ မိဘတွေစိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ကြရပါတယ်။

READ
သင့်ကိုယ်ငယ်ငယ်လေးတည်းက ချစ်မြတ်နိုးခဲ့တဲ့မိဘနှစ်ပါးကို ဒီလိုလေးကျေးဇူးဆပ်ပါ

မပြောသင့်တဲ့ စကားကို မပြောပဲနေပါ

“ဘာလို့ ဒီဝမ်းထဲမှာမှ လူလာဖြစ်ရတာလဲ” “မိဘဖြစ်ပြီး အလုံအလောက်လည်း မထောက်ပံ့နိုင်ဘူး” “ကျွန်တော့်ကို ခေါင်းထဲမှာ မရှိဘူးမဟုတ်လား၊ တခြားသားသမီးတွေပဲ ခေါင်းထဲရှိတယ်” “အမေ့ကို မုန်းတယ်/ အဖေ့ကို မုန်းတယ်” စတဲ့စကားလုံးတွေဟာ မိဘတွေကို ထိရှစေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မိဘတွေအပေါ်မှာ တွက်ကပ်တဲ့စကားမျိုးမပြောမိအောင် ဆင်ခြင်ပေးသင့်ပါတယ်။

unsplash/John Moeses Bauan

မိဘရဲ့ ကျန်းမာရေးကို အလေးထားပါ

ဘယ်သူကမှ တစ်ချိန်လုံး နေမကောင်းဘူး၊ ဖျားနေတယ်၊ ဟိုလူကယ်၊ ဒီလူကယ်နဲ့ ငြီးတွားမနေနိုင်ပါဘူး။ ဒါပေမယ့် တချို့မိဘတွေဟာ တကယ်နေမကောင်း ဖြစ်တာမျိုး ရှိသလို တချို့ကျတော့လည်း သားသမီးဂရုစိုက်တာ ခံချင်တဲ့အတွက် နည်းနည်းပါးပါးတော့ ငြီးတွားပြတတ်ပါတယ်။ မိဘဆိုတာကတော့ သားသမီးက သူ့အပေါ် ဂရုစိုက်လေလေ စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ပြီး အားရှိလေလေပါပဲ။

ငွေရေးကြေးရေး ကူညီထောက်ပံ့ပေးပါ

တချို့သားသမီးတွေက ရှိပါတယ်။ မိဘတွေကိုယ်တိုင်က ငွေကြေးပြည့်စုံတဲ့အတွက် သူတို့အနေနဲ့ ဘာမှထောက်ပံ့ပေးဖို့ မလိုဘူးလို့ ယူဆတတ်ပါတယ်။ ဒါက မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမယ့် မိဘက ဘယ်လောက်ပဲ ရှိပါစေ၊ ကိုယ်ပေးတာက နည်းနည်းပါးပါးဖြစ်ရင်တောင် သားသမီးရဲ့သိတတ်မှုအတွက်  မိဘတွေ စိတ်ထဲမှာ သဘောကျတာချည်းပါပဲ။ တချို့မိဘတွေကျတော့လည်း တော်တော်လေးကို နွမ်းပါးကြတာမျိုးရှိပါတယ်။ ဒီလိုဆိုရင်တော့ သားသမီးတွေအနေနဲ့ ပိုပြီးတော့တောင် ငွေရေးကြေးရေး အထောက်အပံ့ပေးသင့်ပါတယ်။

READ
တစ်နှစ်ပတ်လုံး စိတ်ကြိုက်တည်းခိုလို့ရမယ့် ဆွီဒင်နိုင်ငံက ထူးဆန်းတဲ့ ရေခဲဟိုတယ်
unsplash/Nick Karvounis

မိသားစုအရေးနဲ့ ပတ်သက်သမျှကို စိတ်ပါဝင်စားပါ

တချို့လူတွေရှိပါတယ်။ အဖေနဲ့ မတည့်တာ၊ အမေနဲ့မတည့်တာ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးက ဘယ်လိုမှ ညှိနှိုင်းလို့မရပဲ အဆင်မပြေဖြစ်နေတာမျိုးတွေပါ။ ဒါပေမယ့် မိသားစုနဲ့ပတ်သက်လာရင် တစ်ယောက်ကို တစ်ယောက် လျစ်လျူရှုတာက ကောင်းတဲ့အရာမဟုတ်ပါဘူး။ တစ်ခါတစ်လေလည်း ဘ၀ထဲမှာ မိသားစုဆိုတဲ့ အရာကြီး လုံးဝပျောက်ထွက်မသွားအောင် ထွက်ပေါက်ပေးတဲ့အနေနဲ့ သူတို့တွေနဲ့ ပြိုင်ငြင်းရတာ၊ အော်ဟစ်ရတာမျိုးတွေရှိနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မိဘတွေနဲ့ ပြဿနာဖြစ်ထားလို့ ရှောင်နေမယ်ဆိုရင်လည်း ရေတိုလောက်ပဲ ဖြစ်သင့်ပါတယ်။

လင်းလင်း (ShweMom)

SHARE