Marvel Comic ရဲ့ ဖခင်ကြီး Stan Lee နဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက် (၆)ချက်

Twitter/StanLee

Stan Lee လို့ ဆိုလိုက်တာနဲ့ စူပါဟီးရိုးတွေရဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဘိုးကြီးတစ်ယောက်ဆိုတာ ချက်ချင်း မြင်မိကြမှာပါ။ ဟုတ်ပါတယ်။ Stan Lee ဟာ  အခုအချိန်မှာ ဝင်ငွေအကောင်းဆုံးရနေတဲ့ စူပါဟီးရိုးရုပ်ရှင်ကားတွေရဲ့ အခြေခံရာ မူလ Comic စာအုပ်ပေါင်းများစွာကို ဖန်တီးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ Spider Man ၊ The Fantastic Four အစရှိတဲ့ ဇာတ်ကောင်တွေကို ပူးတွဲဖန်တီးခဲ့သူတစ်ယောက်လည်းဖြစ်ပြီး စူပါဟီးရိုးများရဲ့ သမိုင်းမှာလည်း အရေးပါတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။

Marvel ကုမ္ပဏီရဲ့ ဂုဏ်ထူးဆောင်လူတစ်ယောက်ဖြစ်ပြီး မာဘယ်လ်ကုမ္ပဏီက ထုတ်လုပ်တဲ့ MCU ရုပ်ရှင်ကားတွေတိုင်းမှာလည်း အမြဲလိုလို သူဟာ တစ်ခန်းစ၊ နှစ်ခန်းစ ပါဝင်လေ့ရှိပါတယ်။ Stan Lee ဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ  အသက် ၉၅ နှစ်ရှိပြီပဲဖြစ်ပါတယ်။ ဒီလို စူပါဟီးရိုးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်တဲ့ အထင်ကရ Stan Leeဟာ ဘဝကို လျှို့ဝှက်မှုမရှိသလောက် ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုတခါမှာတော့ Stan Lee ရဲ့ ဘဝထဲက စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တချို့ကို ထုတ်နှုတ်ဖော်ပြ ပေးလိုက်ပါတယ်။

Instagram/StanLee
(၁) သူ့ရဲ့အမျိုးသမီးက သူ့ရဲ့ ဆံသဆရာ

အမြဲလိုလိုဆံပင်နောက်ပြန်လှန်ပြီးအကျအန ဖီးသင်ထားတဲ့ Stan Lee ရဲ့ ဆံပင်ဒီဇိုင်းဟာ သူ့ရဲ့ ပုံရိပ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဒီလို ဆံပင်ပုံစံကို ရဖို့အတွက် အမြဲ ညှပ်ပေးလေ့ရှိတဲ့ ဆံသဆရာကတော့ Stan Lee ရဲ့မိန်းမဖြစ်သူ Joan Boocock ကိုယ်တိုင်ပါပဲတဲ့။ ဒါကို Stan Lee က အခုလိုပြောဆိုခဲ့ပါတယ်။ “ကျုပ်ရဲ့ အရွယ်ကောင်းဘဝတစ်လျှောက်လုံးမှာ ကျနော် ဆံပင်ညှပ်ဆိုင်ကို ဘယ်တုန်းကမှ မသွားခဲ့ဖူးဘူး။ Joanie ပဲ ကျုပ်ဆံပင်တွေကို အမြဲညှပ်ပေးခဲ့တာပဲ”လို့ ပြောဆိုခဲ့ပါတယ်။

(၂) Stan Leeရဲ့ ယုံကြည်ချက်ခိုင်မာခြင်းတွေက သူ့အမေဆီက ရခဲ့တာဖြစ်

Stan Lee ဟာ ငယ်စဉ်ကတည်းက စာအလွန်ဖတ်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပါ။ သူ့ရဲ့ ကလေးဘဝမှာ Mark Twain, Sir Arthur Conan Doyle, Jules Verne, H.G. Wells, အစရှိတဲ့ ထိပ်ထိပ်ကြဲစာရေးဆရာတွေရဲ့ လက်ရာတွေကို စွဲမက်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်လို့ သူကိုယ်တိုင် ရေးသားထားခဲ့ပါသေးတယ်။ ဒါ့အပြင် စတန်လီဟာ သူ အခုလို ယုံကြည်မှုရှိရှိနဲ့ ယုံကြည်ချက်ခိုင်မာစွာရှိနေအောင် ဆုံးမခဲ့တာက မိခင်ဖြစ်သူထံမှ အမွေဖြစ်ကြောင်း၊ မိခင်ဖြစ်သူက သူ့ကို အမြဲလိုလို မိမိကိုယ်ကိုယ် ယုံကြည်ရှိဖို့ ဆုံးမသွင်သင်ခဲ့ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Instagram/StanLee
(၃) ငယ်စဉ်တုန်းက အလုပ်ပေါင်းစုံလုပ်ခဲ့

Stan Lee ရဲ့ ငယ်ဘဝက သိပ်မသာယာခဲ့ပါဘူး။ အလုပ်ပေါင်းများစွာလုပ်ခဲ့ရပြီး သတင်းစာမှာ လူတစ်ယောက်ကွယ်လွန်ချိန်မှာ ရေးသားလေ့ရှိတဲ့ ဝမ်းနည်းမှတ်တမ်းလို အလုပ်မျိုးကိုတောင် စတန်လီဟာ လုပ်ခဲ့ပါသေးတယ်။ာ ဒီအလုပ်ဟာ သိပ်စိတ်ဓာတ်ကျစရာ ကောင်းလွန်းတယ်လို့ စတန်လီကိုယ်တိုင် အင်တာဗျုးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်။

(၄) Stan Lee အမည်ဖြင့် စရေးသော Comic မှာ ကပ္ပတိန်အမေရိကားဖြစ်

နောင်တချိန်မှာ Marvel Comicsကုမ္ပဏီဖြစ်လာမယ့် Timely Comics ကုမ္ပဏီမှာ Stan Lee အလုပ်စဝင်တုန်းက မထင်မရှားပါပဲ။ ကုမ္ပဏီကို အလုပ်စဝင်ဝင်ချင်း တစ်ပတ်အတွင်းမှာပဲ comic တစ်ခုမှာစပြီး ရေးဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ ကပ္ပတိန်အမေရိကား Comic ရဲ့ နှစ်မျက်နှာစာပဲဖြစ်ပါတယ်။ အဆိုပါ comic ဟာ Stan Lee ပါဝင် ရေးသားခွင့်ရခဲ့တဲ့ ပထမဆုံး comics ဖြစ်ပါတယ်။  Stan Lee ဟာ ကပ္ပတိန်အမေရိကား comic မှာ Comic အပြည့်ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Comics ကတော့ Captain America Issue 5 ဖြစ်ပြီး ၁၉၄၁ ခုနှစ် သြဂုတ် ၁ ရက်နေ့မှာ ထုတ်ဝေခဲ့တာပါ။

Twitter/US Army
(၅) စစ်တပ်အတွက် လေ့ကျင့်ရေးရုပ်ရှင်များကို ရေးသားပေးခဲ့

Stan Lee ရဲ့ ဘဝမှာ တစ်ချိန်တုန်းက အမေရိကန်စစ်တပ်အတွက် လေ့ကျင့်ရေးရုပ်ရှင်များကို ပူးတွဲ ရေးသားပေးခဲ့ပါတယ်။ Stan Lee နဲ့ အတူ ပူးတွဲရေးသားသူတွေကတော့ နောင်တစ်ချိန်မှာ ထင်ရှားလာမယ့် လူတွေဖြစ်တဲ့ ပူလစ်ဇာဆုရ စာရေးဆရာဖြစ်တဲ့ William Saroyan ၊ ကာတွန်းဆရာတစ်ယောက်ဖြစ်တဲ့ Charles Addams ၊ ဒါရိုက်တာ Frank Capra နဲ့ Dr.Seuss လို့ လူသိများကြတဲ့ Theodor Geisel တို့ ပါဝင်ကြပါတယ်။

Pinterest/Nick Smith
(၆) Stan Lee ရဲ့ အချစ်တော်လက်နှိပ်စက်ကို သူ့မိန်းမရိုက်ခွဲခဲ့

Stan Lee ရဲ့ အချစ်တော်လက်နှိပ်စက်ကို သူ့မိန်းမရိုက်ခွဲခဲ့ဆိုလို့ လက်နှိပ်စက်ကလေးများပဲကွာ ဘာများ ထူးဆန်းလို့လဲကွာလို့ မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ လက်နှိပ်စက်တော့ လက်နှိပ်စက်ကလေးပါပဲ။ ဒါပေမယ့် အဲဒီ လက်နှိပ်စက်ကလေးနဲ့ Stan Lee ဟာ Spider-Man ၊  The Fantastic Four အစရှိတဲ့ စူပါဟီးရိုးဇာတ်ကောင်တွေရဲ့ comic ပထမဆုံး the first issues တွေကို ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီလို လက်နှိပ်စက်ကို သူမိန်းမဖြစ်သူနဲ့ ကတောက်ကဆ ဖြစ်တုန်းက မိန်းမဖြစ်သူဟာ အမှတ်တမဲ့ ရိုက်ခွဲခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို Stan Lee က”eBay အတွက်ဖြစ်သွားခဲ့တာပေါ့ဗျာ” လို့ ပြောဆိုခဲ့ပါတယ်။

Ye Yint Kyaw

Ref : Wikipedia

SHARE