အမျိုးသမီးတိုင်း သိထားသင့်တဲ့ အရေးပေါ်သန္ဓေတားဆေး အကြောင်း

အရေးပေါ် သန္ဓေတားဆေးဆိုတာကတော့ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုး၊ အကာအကွယ်မဲ့ လိင်ဆက် ဆံမိတဲ့ အခြေအနေမျိုး တွေ၊ Safe မဖြစ်ဘဲ လိင်ဆက်ဆံမိတဲ့ အခြေအနေမျိုးတွေမှာ အရေးပေါ်အနေနဲ့ သုံးတဲ့ သန္ဓေတားဆေးပါ။ သူ့ကိုဆိုရင် Plan B  လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာက လုံးဝအရေးပေါ် အခြေအနေမျိုးတွေကျမှသာ သုံးရတဲ့၊ သုံးသင့်တဲ့ ဆေးမျိုးမို့ပါ။

ဆရာဝန်ရဲ့ ညွှန်ကြားချက်မလိုပဲ အလွယ်တကူ ဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်တဲ့ ဆေးပါ။ ဒါပေမယ့် အရေးပေါ် အခြေအနေမျိုးကျမှ သုံးတာမျိုးမဟုတ်ပဲ လိင်ဆက်ဆံပြီးတိုင်း ဒီဆေးကိုပဲ အလွယ်တကူ ၀ယ်ယူသောက်သုံးနေတာတွေ များလာရင်တော့ ဘေးထွက်ဆိုးကျိုး အရမ်းများပြီး အန္တရာယ်ရှိနိုင်ပါတယ်။ အရေးပေါ် သန္ဓေတားဆေးနဲ့ပတ်သက်ပြီး အမျိုးသမီးတိုင်း ကျန်းမာရေးဗဟုသုတအနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ …

(၁) အချိန်အရေးကြီးပါတယ်

ဒီဆေးကို သောက်မယ်ဆိုရင်တော့ အချိန်က အရမ်းအရေးကြီးပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီးတဲ့ နောက်ပိုင်း (၇၂) နာရီအတွင်းမှာ သောက်ရမှာပါ။ စောစောသောက်လေ ထိရောက်မှု ပိုရှိ၊ ကာကွယ်ပေးနိုင်ချေ ပိုများပါတယ်။ တကယ်လို့များ (၇၂) နာရီထက် ကျော်လွန်သွားပြီဆိုရင်တော့ ဆေးရဲ့ ထိရောက်မှုအာနိသင်က လျော့ကျသွားမှာဖြစ်ပြီး ကိုယ်ဝန်ရနိုင်ချေ ပိုများနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အတူနေပြီး (၇၂)နာရီအတွင်း ချက်ချင်းသောက်ပြီး၊ ဒုတိယအလုံးကို ပထမတစ်လုံး သောက်ပြီး (၁၂) နာရီမှ (၂၄)နာရီအတွင်း ထပ်မံ သောက်ပေးရမှာပါ။

READ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့လက္ခဏာများ

(၂) ကိုယ်ဝန်ဖျက်ချတဲ့ ဆေးမဟုတ်၊ ပုံမှန် မမှီဝဲသင့်တဲ့ဆေး

တစ်ချို့တွေက အရေးပေါ် သန္ဓေတားဆေးကို ကိုယ်ဝန်ဖျက်ချတဲ့ဆေးလို့ ထင်မှားနေကြတာတွေ ရှိပါတယ်။ အရေးပေါ် သန္ဓေတားဆေးဆိုတာက အလွယ်ပြောရရင် သားအိမ်မှာ သားဥတည်တာကို အချိန်ဆွဲပေးတဲ့ ဆေးပါ။ သားအိမ်ထဲမှာ မျိုးအောင်တာမျိုးမဖြစ်ရအောင် အချိန်ဆွဲ တားဆီးပေးတာပါ။ တကယ်လို့များ အရေးပေါ် သန္ဓေတားဆေးကို သောက်တဲ့ အချိန်ကလည်း လိင်ဆက်ဆံပြီးနောက် (၇၂)နာရီ ကျော်နေမယ်၊ ကိုယ်ဝန်က အရင်ရှိနှင့်နေပြီးတဲ့ အနေအထားမျိုးဆိုရင်တော့ ဘာမှ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချတဲ့ ဆေး မဟုတ်လို့ပါ။ သန္ဓေတားဆေး အဖြစ် မကြာခဏ မှီဝဲသင့်တဲ့ ဆေးမျိုး လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ တကယ့်ကို အရေးပေါ်အနေအထား ကျမှသာ မှီဝဲသင့်တဲ့ ဆေးမျိုးပါ။

(၃) လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ရောဂါတွေကို မကာကွယ်နိုင်

အရေးပေါ် သန္ဓေတားဆေးဆိုတာက အရေးပေါ် သန္ဓေတားဆေး သက်သက်ပါပဲ။ လိင်ဆက်ဆံခြင်းကြောင့် ရလာနိုင် တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အကျိုးအာနိသင် လုံးဝမရှိပါဘူး။ လိင်ဆက်ဆံခြင်းကြောင့် ရလာမယ့် ကူးစက် ရောဂါအန္တရာယ်ကတော့ ကွန်ဒုံးအသုံးပြုမှပဲ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ့်မှာ ရောဂါတစ်ခုခု ရှိနေတယ်၊ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

READ
ထက်မြတ်ပြီးအမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့

(၄) အရေးပေါ် သန္ဓေတားဆေးရဲ့ ဆိုးကျိုးများ

ဒီဆေးကတော့ ပုံမှန်သန္ဓေတားဆေးတွေထက် ဆိုးကျိုးပိုများနိုင်ပါတယ်။ မအီမသာ ပျို့အန်တာတွေ၊ ၀မ်းဗိုက်အောင့်၊ နာကျင်တာတွေ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ခြေထောက်တွေ နာကျင်တာ၊ ရာသီလာနေချိန်မှာ နာကျင်ကိုက်ခဲမှုတွေ၊ ပင်ပမ်းန်ွမ်းနယ်တာ၊ ရာသီစက်ဝန်း ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ၊ ရာသီသွေးတွေ ရုတ်တရက် တောက်လျောက် ဆင်းတာ၊ နောက်လအတွက် ရာသီလာချိန်က အရမ်းစော(သို့) အရမ်းနောက်ကျတာတွေ စတာတွေကတော့ သူ့ရဲ့ ဆိုးကျိုးတွေပါ။ ဒီလို အခြေအနေတွေဟာ အရမ်းပြင်းထန်တာမျိုးဆိုရင်တော့ မီးယပ်သားဖွားဆရာဝန်နဲ့ ပြသပါ။

(၅) ကိုယ်ဝန်မရအောင် (100%) မကာကွယ်နိုင်

အရေးပေါ် သန္ဓေတားဆေးတွေက ကိုယ်ဝန်ရရှိတာကို ရာခိုင်နှုန်းအားဖြင့် (၈၀)ရာခိုင်နှုန်းကျော်၊ (၉၀)ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်တဲ့ ထိရောက်တဲ့ ဆေးဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် (၁၀၀)ရာခိုင်နှုန်းတော့ အကာအကွယ် မပေးနိုင်ဘူးဆိုတဲ့ အချက်ကိုတော့ မမေ့ပါနဲ့။ စောစောကပြောခဲ့သလို ဆေးသောက်တဲ့အချိန် နောက်ကျရင် ကျသလောက် ကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။ နောက်လမှာ ရာသီမလာတော့ဘူး၊ လာရမယ့်ရက်ကို ကျော်လွန်နေပြီဆိုရင်တော့ ကိုယ်ဝန် ရှိ၊မရှိ စစ်ဆေးသင့်ပါတယ်။

ref;vagabomb

SHARE