ဖိလစ်ပိုင်ရဲ့ အချမ်းသာဆုံးသူဌေးကြီး Hans Sy ရဲ့အကြောင်း သိကောင်းစရာများ

twitter_abs_chn

ဖိလစ်ပိုင်နိုင်ရဲ့ အချမ်းသာဆုံးသူဌေးကြီး Hans Sy အကြောင်းကတော့ စိတ်ဝင်စားစရာ အများကြီးပါဘဲ။ သူဟာ လက်ရှိအချိန်မှာ အသက်(၆၄)နှစ်ရှိပြီဖြစ်ပြီး၊ မွေးချင်းမောင်နှမ (၆)ဦးအထိ ရှိခဲ့ပါတယ်။ သူတို့အားလုံးဟာ ကမ္ဘာကျော်သူဌေးကြီး Henry Sy ရဲ့အမွေကို ရရှိခဲ့ပြီး၊ လက်ရှိအချိန်ထိလည်း Forbes ရဲ့ထိပ်သီးစာရင်းဝင် သူဌေးကြီးတွေပါ။ Henry Sy ကတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ သေဆုံးခဲ့တာဖြစ်ကြောင်း SCMP သတင်းဌာနက ဖော်ပြခဲ့ပါတာ်။ Hans ဟာ မွေးချင်းတွေနဲ့ မိသားစုအမွေ ရတာချင်းအတူတူ ကမ္ဘာပိုကျော်ခဲ့ပါတယ်။

သူဟာ ငယ်ငယ်ကျောင်းသားဘဝကတည်းက သူငယ်ချင်းတွေက ချစ်စနိုးနဲ့ စူပါမင်းလို့ ခေါ်ကြပါတယ်။ ခေါ်ရခြင်းအကြောင်းကလည်း သူဟာ သူငယ်ချင်းတွေ ငွေရေးကြေးရေး အခက်အခဲရှိပြီဆိုရင်၊ အကန့်မထားဘဲ ကူညီပေးလေ့ရှိပါတယ်။ နောက်ပြီး အနေအေးသလောက်၊ စိတ်ဓာတ်ခိုင်မာ ပြတ်သားမှုမှာ စံနမူနာ ယူစရာလို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာ Hans ရဲ့ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ (၂.၅)ဘီလီယံဖြစ်ပါတယ်။ (၆၃)နှစ်အရွယ် ညီဖြစ်သူ Herbert Sy ကလည်း အစ်ကိုဖြစ်တဲ့သူနဲ့ ချမ်းသာကြွယ်ဝမှု မကွာခြားလှပါဘူး။ သူတို့ဟာ တရုတ်ဖိလစ်ပိုင်နွယ်ဖွားတွေ ဖြစ်ကြပြီး၊ အေးဆေးတဲ့အကျင့်စရိုက်၊ မော်ကြွားခြင်းမရှိတဲ့ အကျင့်စရိုက်တွေကြောင့် လူတွေက ချစ်ခင်ကြပါတယ်။

Hans ဟာ ယခင်က ရှော့ပင်းမောလ် (၇၀)ကျော်ပိုင်ဆိုင်ထားတဲ့ SM Prime Holdings ရဲ့ ဥက္ကဋ္ဌအဖြစ် ကာလရှည်ကြာစွာ တာဝန်ယူခဲ့သူပါ။ နောက်တော့ နှုတ်ထွက်ပြီး လက်ရှိအချိန်မှာ China Banking Corporation ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ Manila’s National University ရဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပူးတွဲဆောင်ရွက်နေပါတယ်။

 

Hans ဟာ အနုပညာနဲ့ ပန်းချီဘက်မှာလည်း အလွန်ဝါသနာထုံသူဖြစ်ပါတယ်။ သူကိုယ်တိုင်က လက်တွေ့လေ့ကျင့်တာတွေရှိသလို၊ ဖခင်မိတ်ဆက်ပေးတဲ့ ပန်းချီကျော် Juvenal Sanso ရဲ့လက်ရာတွေကိုလည်း အထူးနှစ်ခြိုက်သူပါ။ Juvenal Sanso ဟာ စပိန်နိုင်ငံဖွား၊ ဖိလစ်ပိုင်ပန်းချီကျော်ဖြစ်ပြီး၊ သူ့ရဲ့ပန်းချီလက်ရာ (၁၆၅)ကားအထိ Hans က အားပေးခဲ့တာပါ။

 

Hans ဟာ လက်တွေ့ဘဝမှာလည်း တကယ့်စူပါမင်း ဖြစ်ခဲ့ဖူးပါသေးတယ်။ သူဟာ SM ဥက္ကဋ္ဌကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က သူ့ရုံးခန်းအနီးက အမှိုက်ပုံးထဲမှာ မွေးကင်းစကလေးတစ်ယောက် လာပြီးစွန့်ပစ်တာကို ကြုံခဲ့ရဖူးပါတယ်။ ကနဦး ကလေးကို Hans ကိုယ်တိုင်ဆေးရုံပို့ပေးခဲ့ပါတယ်။ နောက် အာဏာပိုင်တွေဆီကို ကလေးကို အပ်ဖို့ ပြင်ဆင်ပေမယ့် နောက်ဆုံးတော့ မိဘမဲ့ဂေဟာမှာ အဝတ်အစား၊ ဆေးဝါး စသည်တို့ လိုအပ်တာတွေ ထောက်ပံ့ပြီး၊ အမေရိကန်က မွေးစားမိဘတွေ မပေါ်မချင်း ကလေးကို ပြုစုပေးခဲ့တာပါ။

 

Hans ဟာ ဆွေမျိုးကောင်းစားရေးဝါဒီ မဟုတ်ပါဘူး။ သူ့ကလေးတွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေးနဲ့ ငွေကြေးရဲ့ တန်ဖိုးကို နားလည်အောင် ငယ်ငယ်ကတည်းက သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ငွေကြေးတွေ အရင်းအနီးတွေ စိုက်ထုတ်ပေးတာထက်၊ ချမ်းသာအောင်လုပ်ဖို့နဲ့ ဘယ်လိုချမ်းသာလာကြသလဲဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ ဒီအလေ့အထကို တတိယမျိုးဆက်အထိ ဆက်ထိန်းဖို့ သူ မျှော်လင့်နေပါတယ်။

လင်းသုတ

SHARE