အလှမွေးယုန် မွေးမယ်သူတွေ လိုက်နာသင့်တဲ့အချက်ကို အသိပေးလိုက်တဲ့ ပညာရှင်များ

Twitter/ScottishSPCA

ယုန်လေးတွေဟာ အလွန်ချစ်ဖို့ကောင်းပါတယ်။ အပြစ်ကင်းပြီး၊ အဆော့သန်တဲ့ ယုန်လေးတွေကို ပိုင်ရှင်လေးတွေက သဘောကျကြပေမယ့် တော်တော်များများကတော့ ဒီယုန်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို နားမလည်ကြပါဘူး .. ဒါမှမဟုတ် နားလည်ဖို့ မကြိုးစားကြပါဘူး။ အချိန်တန်ရင် အစာကျွေး၊ ရေလေးတိုက်ရုံနဲ့ သခင်တာဝန် ကျေပွန်ပြီလို့ မထင်ကြပါနဲ့။

ယူကေက တိရစ္ဆာန်ကုဆရာဝန်များအသင်း (British Veterinary Assocation (BVA) က အစိုးရထံ မကြာသေးခင်က တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရထံ တောင်းဆိုခဲ့တဲ့အချက်ကတော့ အိမ်မွေးတိရစ္ဆာန် ရောင်းချတဲ့ဆိုင်တွေအနေနဲ့ ယုန်ဆိုရင် တစ်ကောင်တည်း ခွဲရောင်းတာမျိုးက တားဆီးပေးဖို့ ဖြစ်ပါတယ်။

Twitter/ScottishSPCA

ယုန်တွေဟာ တစ်ကောင်တည်းမွေးရင် အထီးကျန်မှုကို ခံစားရပြီး၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုကို ဖြစ်စေပါသတဲ့။ ယုန်မွေးမယ်ဆိုရင် အဖော်ယုန်နဲ့၊ ဒါမှမဟုတ် ယုန်အုပ်စုတစ်ခုအနေနဲ့ မွေးသင့်ကြောင်း BVA က ထောက်ပြခဲ့တာပါ။ နိုင်ငံတဝှမ်းက တိ/ကုဆရာဝန် (၁၈၀၀၀)ရဲ့ ပေးပို့တဲ့အချက်အလက်တွေအရ-

(၄၂)%သော အိမ်မွေးတိရစ္ဆာန်ယုန်လေးတွေဟာ တစ်ကောင်တည်း ရောင်းချခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ယုန်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအတွက်တော့ အတော်လေး ဆိုးရွားတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လက ထုတ်ပြန်တဲ့စစ်တမ်းမှာတော့ (၇၃)%သော အိမ်မွေးယုန်လေးတွေဟာ အဖော်အပေါင်း မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ BVA က ယုန်မွေးဖို့ ဝယ်ယူသူတွေအနေနဲ့ ယုန်တစ်ကောင်တည်း ဝယ်မယ့်အစား၊ နှစ်ကောင် ဒါမှမဟုတ် အစုအဖွဲ့လိုက် ဝယ်ဖို့အတွက် အစိုးရဝန်ကြီးများအနေနဲ့ တွန်းအားပေးသင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။ 2019 PDSA PAW အစီရင်ခံစာအရ ယူကေမှာ ယုန်လေးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးနဲ့ကြောင်ပြီးရင် တတိယ ရေပန်းအစားဆုံးလို့ ဆိုပါတယ်။

Twitter/WideOpenPets

BAV က ယုန်တွေဟာ အဖော်အပေါင်းရှိမရှိနဲ့ပတ်သက်ပြီး အလွန်အလေးထားကြောင်း တစ်ခါတလေမှာ အစားအစာထက် အဖော်အပေါင်းကိုပဲ ပိုပြီးရွေးချယ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ BAV ရဲ့ဥက္ကဋ္ဌ Daniella Dos Santos က ယုန်လေးတွေဟာ အိမ်မှာပဲဖြစ်ဖြစ်၊ တောထဲမှာပဲဖြစ်ဖြစ် အလွန်အဖော်မက်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးအစားမတူတဲ့ ယုန်မျိုးဆိုရင် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေနိုင်တဲ့အတွက်၊ ယုန်မွေးမယ်ဆိုရင် ဘယ်လိုအဖော်အပေါင်းကို ရှာသင့်တယ်ဆိုတာကို တိရစ္ဆာန် ကျွမ်းကျင်ဆရာဝန်တွေထံ အကြံဉာဏ်တောင်းသင့်တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ ဒါမှလည်း သူတို့မှာ စစ်မှန်တဲ့ အပေါင်းအဖော်ကို ရမှာပါ။

လင်းဇော်ကို

SHARE