တစ်ဖက်သားကို စိတ်ပျက်သွားစေတဲ့ သင်သတိမထားပဲလုပ်မိတဲ့ အပြုအမူ (၅) မျိုး

တစ်ခါတရံ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သင့်ရဲ့ မယဉ်ကျေးတဲ့ အပြုအမူတွေက တစ်ဖက်သားကို အကြီးအကျယ်စိတ် အနှောက်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ကို ယဉ်ကျေးမှု မရှိတဲ့သူလို့ ထင်သွားစေရုံသာမက စိတ်ထဲကပါ အထင်သေးသွားတတ်တာကြောင့် အထူး သတိထားဆင်ခြင်ဖို့ လိုအပ်ပါတယ်နော်။

(၁) ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို နှုတ်မဆက်တာ

သင်နဲ့ သိသိ၊ မသိသိ သင့်အိမ်ကိုလာတဲ့သူတိုင်းဟာ သင့်ရဲ့ ဧည့်သည်ပါပဲ။ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်သည်ကို စကားမပြောရင်တောင် အနည်းဆုံးပြုံးပြသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ သူ့ကိုကြည့်လည်း မကြည့်၊ စကားလည်းမပြော၊ ခပ်စိမ်းစိမ်းကြီး ဆက်ဆံရင် သူ့အတွက် အရမ်းကို အောင့်သက်သက်ကြီးဖြစ်သွားစေတဲ့အပြင် သင့်ကိုလည်း ယဉ်ကျေးမှု မရှိတဲ့သူလို့ ကောက်ချက်ချသွားပါလိမ့်မယ်။

(၂) စားသောက်တဲ့အခါ

စားကြသောက်ကြတဲ့အချိန်တွေမှာ လျေချဉ်အကျယ်ကြီးတက်တာ၊ နှပ်ညှစ်တာ၊ သလိပ်ထုတ်တာ၊ လေလည်တာ စတဲ့ အရာတွေက တကယ့်ကို ဆိုးရွားလှတဲ့ အရာတွေဖြစ်ကြပါတယ်။ လုံးဝ (လုံးဝ) ကို မလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ အရမ်းရွံတတ်တဲ့သူသာဆိုရင်တော့ ဆက်တောင် မစားချင်တော့ပဲ အကြီးအကျယ် စိတ်အနှောက်အယှက်ရသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမလုပ်မိအောင် အထူးသတိထားပါ။

READ
အိမ်ထောင်ရေးတည်မြဲဖို့ တစ်ခါတစ်ရံ ခင်ပွန်းကိုပြောသင့်သောမုသားများ

(၃) စိတ်ဆိုးရင် အော်ဟစ်ဆဲဆိုတတ်တာ

စိတ်ဆိုးရင် ပေါက်ကွဲတတ်ကြတာ သဘာဝပါ။ နှစ်ယောက်တည်း ရှိတဲ့ အချိန်ဆို ကိစ္စမရှိပေမယ့် လူအများရှေ့မှာ ဆိုရင်တော့ တတ်နိုင်သမျှ ချုပ်တည်းထားပါ၊ မပေါက်ကွဲ မိပါစေနဲ့။ အော်ဟစ်ဆဲဆိုတတ်တဲ့သူကို လူအများက လက်ဖျားသာခါသွားမယ်၊ တစ်စက်မှလေးစားတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဆိုးဒေါသထွက်တဲ့အခါ အော်ဟစ်ဆဲဆိုပြီး ဝါးလုံးရှည်နဲ့ ပတ်ရမ်းတာမျိုး လုံးဝမလုပ်သင့်ပါဘူးနော်။

(၄) ဗြစ်တောက်ဗြစ်တောက်ပြောတာ

အကြောင်းအရာတစ်ခုပဲဖြစ်ဖြစ်၊ အမှားတစ်ခုပဲ ဖြစ်ဖြစ် အမြဲတမ်း ဗြစ်တောက် ဗြစ်တောက် ပြောနေရင်တော့ အရမ်းကို စိတ်ညစ်ဖို့ကောင်းပါတယ်။ တစ်ခုခုကို မကျေနပ်လို့ပဲဖြစ်ဖြစ်၊ စိတ်တိုင်းမကျလို့ဖြစ်ဖြစ် အဲဒိ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်ချိန်လုံး ပွစိပွစိနဲ့ အမြဲပြောနေရင်တော့ တစ်ဖက်သားအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အရမ်းကို စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပါတယ်။ မကြိုက်ရင်လည်း မကြိုက်ကြောင်း ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက်ပြောပြီး ပြန်အစမဖော်တော့တာ အကောင်းဆုံးပါပဲ။

READ
သင် ဆက်မပေါင်းသင့်တော့တဲ့ သူငယ်ချင်းများ

(၅) ကျေးဇူးတင်စကားမပြောတာ

သူတစ်ပါးက ကိုယ့်ကိုကူညီတာ ကျေးဇူးအဆပ်ခံချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်းကတော့ ပီတိကိုလိုချင်ကြပါတယ်။ ဒါကြောင့် သင့်အတွက်နဲ့ တစ်စုံတစ်ယောက်က အားစိုက်ထုတ်ပြီး လုပ်ပေးတဲ့ သေးငယ်သော အရာဖြစ်စေ၊ ကြီးမားသောအရာဖြစ်စေ ကျေးဇူးတင်စကားပြောတတ်ပါစေ။ ဒီလိုမှ မဟုတ်ရင်တော့ တစ်ဖက်သားအတွက် စိတ်ကသိကအောက်ဖြစ်သွားတဲ့အပြင် သင့်ကိုလည်း ယဉ်ကျေးမှု မရှိတဲ့သူလို့ သတ်မှတ် သွားပါလိမ့်မယ်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE