လူအများကို ပြုံးစရာပေးခဲ့တဲ့ (၅)နှစ်သမီးလေးရဲ့ ကျောင်းမသွားမီနဲ့ ကျောင်းပြန်ဓာတ်ပုံ

Jillian Facebook

ကလေးတစ်ယောက် ကျောင်းပထမဆုံးတက်တဲ့နေ့ဟာ ဘဝမှာ အတော်လေးကို အရေးပါပါတယ်။ ကျောင်းပထမဆုံး တက်တာဟာ ကလေးတစ်ယောက်ကို ပထမဆုံး လူ့လောကထဲမှာ စပြီးကျင်လည်ပေတော့ဆိုပြီး မိဘတွေက စွန့်စွန့်စားစားနဲ့ စပြီး လွှတ်လိုက်ရတာမျိုးပါ။

သူတို့လေးတွေ ကျောင်းသင်ခန်းစာတွေသာမက၊ ဘဝမှာ ဘယ်လိုပေါင်းရမယ်၊ သင်းရမယ်၊ ပြောဆိုဆက်ဆံရမယ်စတာတွေကို သင်ယူဖို့အတွက် ပထမဆုံး ခြေလှမ်းစတင်လိုက်ခြင်း ဖြစ်လို့ လူတစ်ယောက်အတွက် ပထမဆုံး ကျောင်းတက်ရတဲ့ရက်က အရေးပါပါတယ်။ အစကောင်းမှ အနှောင်းသေချာမှာ ဆိုသလို ပထမဆုံး ကျောင်းတက်ရတဲ့ရက်မှာ အဆင်ပြေမှ … ကျောင်းနေပျော်၍ စာတော်ရမည်ဆိုတဲ့ ဆိုရိုးစကားလေးနဲ့ ကိုက်ညီပေမပေါ့။ အခုလည်း စကော့တလန် ဂလက်စကိုမှာနေထိုင်တဲ့ (၅)နှစ်အရွယ် ကျောင်းသူမလေး Lucie ဟာ ပထမဆုံး ကျောင်းတက်ရတဲ့ရက်က သူမအတွက်တော့ အတော်လေး ပင်ပန်းနွမ်းနယ်ခဲ့ပုံပါဘဲ။

Jillian Facebook

Lucie ဟာ ကျောင်းမသွားခင်မှာ အစ်ကိုကြီးနဲ့အတူ ဂုဏ်ယူစွာ ဓာတ်ပုံအရိုက်ခံခဲပါတယ်။ သူမရဲ့အပြုံးဟာ အတော်လေးကို တောက်ပနေပြီး၊ သူမ ဘယ်လောက် စိတ်လှုပ်ရှား စိတ်အားထက်သန်နေတယ်ဆိုတာကို မြင်သာစေမှာပါ။ အဝတ်အစားတွေမှာလည်း သပ်သပ်ရပ်ရပ် ဖြစ်နေပြီး၊ ခြေအိတ်တွေကလည်း အပေါ်ကို ကြွတက်နေပါတယ်။

ကျောင်းမှာနေချိန် (၇)နာရီပြည့်လို့ အိမ်ကို ပြန်လာတဲ့အခါမှာတာ့ မနက်ခင်းက ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ဆန့်ကျင်စွာပဲ၊ ဆံပင်တွေက ဖွာလန်ကျဲနေသလို၊ ခြေအိတ်တွေက အနေအထား မမှန်ပါဘူး။ ကျောင်းလွယ်အိတ်ကို ဖြစ်သလို လက်ကနေ ကွင်းစိုင်းပြီး သယ်လာသလို၊ သူမရဲ့ပုံစံက အတော်လေး ပင်ပန်းနွမ်းနယ်နေပါတယ်။

Jillian Facebook

မိခင် Jillian က “ တကယ့်အစစ်က ပုံထဲကထက် ဆိုးတယ် … စကပ်က ခြေကျင်းဝတ်အထိ ရောက်နေတယ် … ခေါင်းစည်းကလစ်ကလည်း ဆံပင်တွေရဲ့နောက်ပိုင်းမှာ အောက်ကို ပြုတ်ကျမတက် ဖြစ်နေပါတယ် ”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မိခင်ဖြစ်သူက “ ကျောင်းမှာ ဘာတွေလုပ်ခဲ့သေးလဲ ”မေးတော့ Lucie က ကလေးပီပီ ဟန်ချီချီပဲ “ ဘာမှ ထွေထွေထူးထူး မလုပ်ခဲ့ပါဘူး ”လို့ ဖြေပါသတဲ့။ ဘာပဲဖြစ်ဖြစ် Lucie ဟာ ပင်ပန်းလွန်းလို့ အဲဒီနေ့က ခါတိုင်းထက် စောစော အိပ်ယာဝင်ခဲ့တယ်လို့ မိခင် Jillian က Metro သတင်းစာကို ပြောပြခဲ့ပါတယ်။

လင်းသုတ

SHARE