တောမီးအတွက် တတ်တဲ့ပညာနဲ့ ဒေါ်လာ(၂)သိန်းနီးပါး ရံပုံငွေရှာပေးနိုင်ခဲ့တဲ့ ကောင်လေး

Gofundme

သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကို စိုးရိမ်စိတ် မြင့်တက်စေခဲ့တဲ့ အကြီးအကျယ်မီးလောင်မှုတွေကတော့ ဘရားဇီးအမေဇုံတောကြီး မီးလောင်မှုနဲ့ လက်ရှိအချိန်အထိမီးလောင်နေဆဲဖြစ်တဲ့ သြစတေးလျ တောမီးလောင်မှုတို့ ဖြစ်ပါလိမ်မယ်။ ပြီးခဲ့တဲ့ရက်က သြစတေးလျမှာ မိုးအကြီးအကျယ် ရွာခဲ့သော်လည်း မီးငြိမ်းလောက်တဲ့အထိ အားမကောင်းခဲ့ပါဘူး။

အခု နောက်ဆုံးရထားတဲ့ သတင်းမှာတော့ နယူးဆောက်သ်ဝေးလ်မှာ မီးလောင်တဲ့နေရာ (၆)နေရာ ကျန်ရှိနေဆဲဖြစ်ပြီး၊ ဗစ်တိုးရီယားမှာ (၁၅)နေရာ ရှိနေဆဲလို့ သိရပါတယ်။ မီးဘေးအတွက် ဆယ်လီတွေ၊ ကမ္ဘာကျော်သူဌေးကြီးတွေသာမက၊ တစ်နိုင်တစ်ပိုင်နဲ့ အသင်းအဖွဲ့အလှူရှင်တွေလည်း များစွာရှိခဲ့ပါတယ်။

gofundme

အခုလည်း အမေရိကန်နိုင်သား ကလေးငယ်တစ်ဦးဟာ မီးဘေးအတွက် သူလည်း တက်နိုင်သလောက် ရံပုံငွေရှာပြီး လှူချင်တယ်လို့ မိခင်ကို ပြောခဲ့ပါတယ်။ ကလေးအမည်ကတော့ Owen ဖြစ်ပါတယ်။ သူက မိခင်ဖြစ်သူ Caitlin ကို သြစတေးလျတောမီးမှာ တိရစ္ဆာန်တွေ သေဆုံးသလားဆိုတာကို မေးခဲ့တာပါ။ မိခင်ဖြစ်သူက “သေတာပေါ့”လို့ ဖြေခဲ့ရာကနေ မီးဘေးအတွက် လှူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Owen ဟာ အမေရိကန်၊ မက်ဆာချူးဆက်၊ Hingham မှာ နေထိုင်ပါတယ်။ သူဟာ ရွံ့စေးနဲ့ ကိုလာဝက်ဝံသေးသေးလေးတွေ လုပ်ပြီး ရံပုံငွေရှာခဲ့ပါတယ်။ သူရဲ့အစီအစဉ်ဟာ ထင်မှတ်မထားလောက်အောင် အောင်မြင်ခဲ့ပြီး၊ အခုဆိုရင် GoFundMe မှာ ဝင်ရောက်လှူဒါန်းသူတွေ များပြားခဲ့လို့ (၁၈.၁.၂၀၂၀)ရက်နေ့အထိ အမေရိကန်ဒေါ်လာ (၁၉၈,၄၁၅) ရရှိထားပါပြီ။

Gofundme

သူဟာ ရံပုံငွေ Page စဖွင့်လို့ (၃)ရက်လောက်မှာပဲ ဒေါ်လာတစ်သိန်းလောက် စပြီး ရခဲ့တာပါ။ အခုဆို Owen နဲ့ မိခင်ဖြစ်သူတို့ဟာ နောက်ထပ်လှူဒါန်းသူတွေကို ရွှုံ့စေးကိုလာ (၁၀၀၀)အထိ လုပ်ပြီးလှူဒါန်းမှာပါ။ သူတို့ရဲ့ Page မှာ ဒေါ်လာ(၅၀)အထက် လျှူသူတွေကို အမှတ်တရလက်ဆောင်အဖြစ် ပေးသွားမှာ ဖြစ်ပါတယ်။

ရရှိတဲ့အလှူငွေတွေကိုတော့ Wildlife Rescue South Coast Inc ကို လွှဲပြောင်းလှူဒါန်းသွားမယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့ဟာ မီးဘေး တိရစ္ဆာန်များအတွက် ငှက်ရုံတွေ၊ လှောင်အိမ်တွေ၊ လှောင်ခြံတွေ တည်ဆောက်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး၊ အစားသောက် ကျွေးရေးစခန်းတွေလည်း တည်ဆောက်ပေးနေပါတယ်။

Gofundme

Owen ဟာ ကျောင်းအားရက်တွေမှာ ဆစ်ဒနေမှာ နေထိုင်ပါတယ်။ သူရဲ့ဖခင်က ဆစ်ဒနေမှာ နေထိုင်သူဖြစ်တဲ့အတွက် Owen ကိုယ်တိုင်က သြစတေးလျနိုင်ငံသားလို ဖြစ်နေတာပါ။ CNN ရဲ့ ဖော်ပြချက်အရ ကိုလာဝက်ဝံပုံလေးတွေကို ပုံသွင်းဖို့ (၃)မိနစ်ကနေ (၄)မိနစ်အထိ ကြာမြင့်ကြောင်း၊ ယင်းနောက် အပူပေးစက်ထဲမှာ မိနစ်(၂၀)လောက် ထားရတယ်လို့ သိရပါတယ်။

အခုဆို မှာတဲ့လူတွေက များလွန်းတဲ့အတွက် Owen နဲ့ မိခင် Caitlin တို့အတွက် ကုန်ကြမ်းဖြစ်တဲ့ ရွှံ့စေးက မလောက်ငတော့လို့ သူတို့ဟာ မိုင်(၂၀)ပတ်ခြာလည်အတွင်းမှာ ကုန်ကြမ်းရရေးကိုလည်း အထူးဂရုစိုက်နေရတယ်လို့ ပြောပါတယ်။ မိခင် Caitlin ကတော့ ရွှံ့စေးမလောက်ငမှုအတွက် ညည်းတွားရပေမယ့် သူတို့ တက်နိုင်သလောက်တော့ ဆက်ပြီးလုပ်နေမယ်လို့ CNN သတင်းဌာနက ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE