စေတနာ့ဝန်ထမ်းအဖြစ် (၅)နှစ်တိုင်တိုင် ပန်းခြံသန့်ရှင်းရေးလုပ်ပေးခဲ့တဲ့ (၈၄)နှစ်အရွယ်အဖိုး

freemalaysiatoday/youtube

မလေးရှားနိုင်ငံ Puchong မြို့မှာ အသက်(၈၄)နှစ်အရွယ် Lee Kim Siew အမည်ရ အဖိုးဟာ အများပြည်သူလာရောက်အပန်းဖြေတဲ့ ပန်းခြံ သန့်ရှင်းရေးအတွက် သန့်ရှင်းရေးပြုလုပ်နေသူပါ။ သူဟာ Wawasan Recreational Park ပန်းခြံမှာ (၂၀၁၄)ခုနှစ်ကတည်းက သန့်ရှင်းရေးလုပ်လာခဲ့တာပါ။

အဖိုး Kim ဟာ အဲဒီပန်းခြံကို ပထမဆုံးရောက်တဲ့အချိန်တုန်းက ပန်းခြံလာရောက်သူတွေ စွန့်ပစ်သွားတဲ့အမှိုက်တွေကြောင့် အတော်လေး စိတ်ညစ်သွားခဲ့ပါတယ်။ သူ့လိုပဲ ပန်းခြံလာရောက်သူတွေဟာ အမှိုက်တွေကြောင့် စိတ်ရှုပ်ရပေမယ့်၊ ဘယ်သူမှ အမှိုက်မပစ်ကြဖို့ မလိုက်နာနိုင်ကြပါဘူး။

freemalaysiatoday/youtube

နောက်တော့ Kim ဟာ ဒီပန်းခြံသန့်ရှင်းသာယာဖို့အတွက် စေတနာ့ဝန်ထမ်းသန့်ရှင်းရေးအလုပ်ကို တစ်ပတ်မှာ ခြောက်ရက်အထိ လာရောက်လုပ်ကိုင်ပေးပါတော့တယ်။ Kim ဟာ ကန်တုံဘာသာစကားနဲ့သာ ပြောလေ့ရှိသူဖြစ်ပြီး၊ သူ့ကို ပန်းခြံလာလေ့ရှိသူတွေက သတိထားမိလာပါတော့တယ်။

Kim ဟာ တစ်ရက်ကို (၂)နာရီမှ (၃)နာရီအထိ ပန်းခြံသန့်ရှင်းရေး လာရောက်လုပ်ကိုင်ပေးခဲ့တာ အခုဆိုရင် (၅)နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ အဖိုး Kim ဟာ ပန်းခြံအမှိုက်တွေသာမက၊ သူ လမ်းလျှောက်သွားရာ တစ်လျှောက်ကိုလည်း သစ်ရွက်တွေ၊ အမှိုက်တွေကို သန့်ရှင်းရေး လုပ်သွားလေ့ရှိပါတယ်။

အဖိုး Kim ဟာ ကျောင်းအုပ်ကြီးဘဝနဲ့ အငြိမ်းစားယူထားသူဖြစ်ပြီး၊ အခုတော့ အသက်အရွယ်ကြီးလာလို့ အရင်ကလို အချိန်များများ အလုပ်မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။ အခုတော့ တစ်ပတ်ကို လေးငါးရက်လောက်သာ သန့်ရှင်းရေးလုပ်နိုင်ပါတော့တယ်။ အများအတွက်တော့ စံပြအတုယူဖွယ်ရာ အဖိုးရဲ့လုပ်ရပ်အကြောင်းကို Free Malaysia Today က အကျယ်တ၀င့် ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

လင်းသုတ (Shwemom)

 

SHARE