နေမကောင်းတဲ့ ခရီးသည်ကို ကျောပိုးပြီး လူနာတင်ကားပေါ်တင်ပေးခဲ့တဲ့ လေယာဉ်မယ်

Weibo/Zhang Qiqi

လေယာဉ်မယ်လေးတစ်ယောက်ဟာ သူမတာဝန်ထမ်းဆောင်တဲ့ လေယာဉ်ပေါ်မှာ လူနာခရီးသည်တစ်ဦး ပါလာခဲ့ရာ၊ အဲဒီလူနာကို ကိုယ်တိုင် လူနာတင်ကားဆီ ကျောပိုးပြီးခေါ်ဆောင်ခဲ့ကြောင်း Sin Chew Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူမရဲ့လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။ China United Airlines လေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ အဲဒီလေယာဉ်ဟာ ချန်ဒူမြို့ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဖြစ်ပါတယ်။

လေယာဉ်မယ်လေးအမည်ကတော့ Zhang Qiqi လို့ သိရပြီး၊ လေယာဉ်မယ်တစ်ယောက်ဆိုပြီး ဟိတ်တွေဟန်တွေ များမနေနိုင်ဘဲ အမျိုးသမီးလူနာကို လူနာတင်ကားဆီ ကျောပိုးသယ်ဆောင်ခဲ့တာပါ။ အဆိုပါ အမျိုးသမီးလူနာဟာ လေယာဉ်ပေါ်ရောက်မှ အတော်လေး နေမကောင်းထိုင်မသာ ဖြစ်လာခဲ့တာမို့ ဆေးကုသဖို့ အမြန်လိုအပ်ခဲ့တာဖြစ်ပါတယ်။

Weibo/Zhang Qiqi

အဲဒီလေယာဉ်ဟာ အဆိုပါ အမျိုးသမီးလူနာကြောင့်ပဲ အရေးပေါ်ဆင်းသက်ဖို့ အကြောင်းဖန်လာခဲ့တာပါ။ လေယာဉ်ကို အရေးပေါ်ဆင်းသက်ဖို့ အဲဒီအမျိုးသမီးကိုယ်တိုင် အရေးပေါ်ခလုတ်ကိုနှိပ်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးတွေကလည်း ချက်ချင်း အရေးပေါ်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လေယာဉ်မယ် Qiqi က “ ဒီလိုအချိန်မှာပဲ ကျွန်မတို့ အရေးပေါ်ကြေညာမှု လုပ်ခဲ့ရပါတယ် … ဒေါက်တာတစ်ဦးဦး လေယာဉ်ပေါ်မှာ ပါမပါ မေးမြန်းခဲ့ပါတယ် … ကံကောင်းစွာပဲ ဒေါက်တာတစ်ဦး ပါလာခဲ့ပြီး သူက အမျိုးသမီးလူနာကို စမ်းသပ်ခဲ့ပါတယ် … ဒေါက်တာရဲ့အဆိုအရ ဒီလူနာဟာ အန္တရာယ်များလောက်အောင် အားနည်းနေတယ် … အရေးပေါ် ကုသမှုလိုအပ်တယ်လို့ ပြောခဲ့ပါတယ် ”လို့ ပြန်ပြောပါတယ်။

Wikimedia Commons

သူမဟာ လေယာဉ်အရေးပေါ်ဆင်းသက်စဉ် လူနာဘေးမှာပဲ တစ်ချိန်လုံး အားပေးနေပြီး၊ လူနာတင်ကားရောက်လာတော့ ကိုယ်တိုင် ကျောပိုးပြီးသယ်ဆောင်ခဲ့တာပါ။ တကယ်တော့ လူနာတင်ဖို့ Stretcher က လေယာဉ်တံခါးပေါက်ထက် အနည်းငယ်ကြီးနေလို့ သူမကိုယ်တိုင် လူနာကို သယ်ပိုးခဲ့တာ ဖြစ်ပါတယ်။

Weibo/Zhang Qiqi

 

READ
ခြေထောက်ဒဏ်ရာကုသဖို့ တပတ်မှာ(၂)ကြိမ်ရေကူးတဲ့ ကြောင်ကလေး

Qiqi က “ လူနာရဲ့အသက်ကို ကယ်ချင်နေတာပဲ သိတယ် … ဗွီဒီယိုမှတ်တမ်း ပြန်ကြည့်မှ အံမယ် ငါ အတော်သန်ပါလားဆိုပြီး တွေးမိသေးတာ … ကျွန်မအထင်တော့ ဒါဟာ အခြေအနေရဲ့တွန်းအားဖြစ်မယ်ထင်တယ် ”လို့ ပြောခဲ့ပါတယ်။ အဆိုပါလေယာဉ်ဟာ မူလထွက်ခွာရာလေဆိပ်မှာ ပြန်လည်ဆင်းသက်ခဲ့တာဖြစ်ပြီး၊ (၄၃)မိနစ်အကြာမှာ ခရီးသည်(၁၇၅)ဦးနဲ့အတူ ခရီးဆက်နိုင်ခဲ့ပါသတဲ့။

လင်းဇော်ကို

SHARE