ပင့်ကူကို ဓာတ်ပုံရိုက်ရုံနဲ့ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ အဖြေပေးမယ့် App

twitter_CSIRO

သြစတေးလျတိုက်ဆိုတာ တခြားနိုင်ငံတွေမှာ မရှိနိုင်တဲ့ သားရိုင်းတိရစ္ဆာန်နဲ့ ရေနေသတ္တဝါတွေ အများစုကို မြင်တွေ့ရနိုင်ပါတယ်။ အင်းဆက်မျိုးစိတ်ပေါင်း ထောင်နဲ့ချီ နေထိုင်ကြသလို၊ သားပိုက်ကောင်၊ ကိုအာလာ၊ ဘဲတူဖျံတူ၊ ဧရာမရေငန်မိကျောင်းကြီးများ စသည်တို့ဟာ ထင်ရှားပါတယ်။

ပင့်ကူတိုင်းကတော့ အဆိပ်ရှိတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် ပင့်ကူတွေကို သဘောကျသူတွေအနေနဲ့ ဘယ်လိုပင့်ကူတွေက မိမိတို့ကို ဒုက္ခပေးနိုင်တယ်၊ ဘယ်လိုပင့်ကူတွေက အဆိပ်မရှိဘူး၊ ဒီပင့်ကူကတော့ ဘာအမျိုးအစားဆိုတာ သိသင့်သလောက် သိထားဖို့လိုပါတယ်။

ဒီအတွက် Australia နိုင်ငံရဲ့ National Science Agency (CSIRO) အဖွဲ့မှ ပညာရှင်နှစ်ဦးဖြစ်တဲ့ Nic နဲ့ Murray Scare တို့ပေါင်စပ်ပြီး App တစ်ခု ဖန်တီးထားပါတယ်။ အဲဒီ App ကို အသုံးပြုခြင်းအားဖြင့် ပင့်ကူတွေကို အမျိုးအစား အလွယ်တကူ ခွဲခြားပေးနိုင်မှာပါ။ App နာမည်ကတော့ Critterpedia ဖြစ်ပါတယ်။ 

Critterpedia.Com

ဒီ App အသုံးပြုသူအနေနဲ့ ပင့်ကူတစ်ကောင် တွေ့လိုက်တာနဲ့ ဓာတ်ပုံရိုက်ယူလိုက်ရုံပါ။ အဲဒီပင့်ကူ ဘယ်လိုအမျိုးအစားလဲဆိုတာကို Critterpedia က အချက်အလက်တွေ ထုတ်ပေးမှာပါ။ ဒီအတွက် Critterpedia ရဲ့ Database မှာလည်း ပင့်ကူမျိုးကွဲဓာတ်ပုံ သိန်းဂဏန်းလောက် သိမ်းထားပြီး၊ ပုံတွေကိုတိုက်ဆိုင် အချက်အလက်ထုတ်ပြန်တဲ့စနစ်နဲ့ အလုပ်လုပ်ပါတယ်။

CSIRO အဖွဲ့ဟာ ယင်ကောင်မျိုးစိတ်အသစ်တွေကို Marvel ဇာတ်ကောင်တွေရဲ့နာမည်တွေ ပေးခဲ့ရင်းနဲ့ လူသိများလာတဲ့ အေဂျင်စီဖြစ်ပါတယ်။ သူတို့ထုတ်လိုက်တဲ့ App ကတော့ လုပ်ဆောင်ချက် ကောင်းမွန်လှပြီး၊ ပင့်ကူပုံကိုရိုက်ယူလိုက်တာနဲ့ အလိုအလျှောက် အမျိုးအစားခွဲခြားခြင်းတွေကို အလိုအလျှောက် ပြုလုပ်သွားမှာလို့ သိရပါတယ်။

Freepik.LivS

Critterpedia App တီထွင်သူ Nic က “ ထိပ်သီးနည်းပညာကို အသုံးချခြင်းအားဖြင့် … App မှာပါတဲ့ Tool တွေရဲ့ အထောက်အပံ့ကောင်းများစွာကို ရယူပြီး …ထူးဆန်းတဲ့တိရစ္ဆာန် အသစ်တွေအကြောင်း လူတွေ ပိုပြီးနားလည်အောင် ကြီးမားတဲ့ပညာရေးအတွက် သူတို့လိုအပ်တဲ့ အတွေ့အကြုံတွေရဖို့ Critterpedia App က အကူအညီပေးမှာ ဖြစ်ပါတယ် … အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေအတွက် ရည်ရွယ်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

နောက်တစ်ခု ထူးခြားတာက Critterpedia App ဟာ မြွေတွေနဲ့ပတ်သက်ပြီးတော့လည်း အသုံးပြုလို့ ရပါသတဲ့။ မြွေတစ်ကောင်ကို ဓာတ်ပုံရိုက်လိုက်တာနဲ့ အလိုအလျှောက် အမျိုးအစားခွဲခြင်းတွေကို ပင့်ကူတွေမှာ လုပ်ဆောင်သလိုမျိုး လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီခြေလှမ်းဟာ သြစတေးလျရဲ့ တောရိုင်းတိရစ္ဆာန် အသစ်တွေကို ဖော်ထုတ်ထိန်းသိမ်းဖို့အတွက် အပြုသဘောဆောင်ပါလိမ့်မယ်။

လင်းသုတ

SHARE