လူတစ်ဦးကို ‘မူးယစ်ဆေး’မသိမသာထည့်ပြီး အတင်းဝင်ဖမ်းတဲ့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးခံနေရ

YouTube/NBCNews

ရဲတပ်ဖွဲ့တစ်ဖွဲ့ဟာ လူတစ်ယောက်ကို ဖမ်းဆီးရာမှာ မရိုးသားသောသဘောနဲ့ ဆေးပစ်ပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဆေးပစ်ဖမ်းတယ်ဆိုတာ အလွယ်ပြောရရင် ရဲတပ်ဖွဲ့က မူးယစ်ဆေး မသိအောင်ယူဆောင်လာပြီး၊ အဲဒီမူးယစ်ဆေးကို သက်သေအဖြစ် အသုံးပြုကာ တရားခံကို အမှုဆင်ဖမ်းဆီးခြင်းကို ဆိုလိုတာပါ။

ယခင်ကတော့ ဒီလို မသမာတဲ့နည်းလမ်းဟာ နိုင်ငံတိုင်းမှာ အတော်လေး တွင်ကျယ်ပါတယ်။ ဘယ်လောက်အထိ တွင်ကျယ်သလဲဆိုရင် ကိုယ်နဲ့မသင့်မြတ်သူမျိုး ရှိရင်၊ အဲဒီလူရဲ့ အိတ်ထဲ၊ ဒါမှမဟုတ် အိမ်ထဲကို သူမသိအောင် မူးယစ်ဆေး ပစ်ထည့်ပြီး ရဲတွေကို လက်တို့တိုင်ကြားတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

အခုလည်း Jefferson Parish Sheriff ရဲတပ်ဖွဲ့မှ တပ်ဖွဲဝင်တစ်ချို့ဟာ Bridge City, Louisiana မှာ လူတစ်ယောက်ကို ဆေးပစ်ကာ မတရားအမှုဆင် ဖမ်းဆီးခဲ့ပါတယ်။ ဒီဗွီဒီယိုကို ဖမ်းဆီးခံရသူရဲ့ အိမ်နီးနားချင်းတစ်ဦးက မှတ်တမ်းတင်ထားခဲ့တာပါ။ သူတို့ကို တာဝန်သိပြည်သူတစ်ဦးက မတ်လ(၁၇)ရက်နေ့ ညနေ (၃)နာရီမှာ သတင်းပေးတိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

 

အဆိုပါ ရဲတပ်ဖွဲ့ဝင်တွေဟာ တိုင်ကြားခံရသူအနီးကို ချဉ်းကပ်ပြီး အတင်းလုံးထွေး ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရဲအဖွဲ့ဝင်တစ်ဦးက အသင့်ယူဆောင်လာတဲ့ အိတ်ငယ်လေးမှာ အဖြူရောင်ဆေးမှုန့်ကို၊ ဖမ်းဆီးခံရသူအနီး ချလိုက်ပြီး၊ သက်သေအဖြစ် ဖန်တီးခဲ့တာပါ။

ဒီဗွီဒီယိုကို Simply Jasmine K အမည်ရ တွစ်တာအသုံးပြုသူက ရှင်းလင်းစွာ မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။ သူမရဲ့ တွစ်တာမှာ “ ဒါက ကျွန်မနဲ့ အိမ်နီးနားချင်းတစ်ဦးမှာ ဖြစ်ခဲ့တာပါ … JP ရဲတပ်ဖွဲ့က မူးယစ်ဆေးကို သူ့အနီးအနား ချလိုက်ပါတယ် … ”လို့ ရေးထားပါတယ်။ ဗွီဒီယိုထဲမှာ “ ကျုပ်အိတ်ထဲမှာ ဘာမှ မရှိဘူး … ခင်ဗျားတို့ ရူးနေပြီလား ”ဆိုပြီး အဖမ်းခံရသူက အော်တဲ့အသံကိုလည်း ကြားရပါတယ်။

ရဲတွေကလည်း သူတို့ လုပ်ပုံကိုင်ပုံကို အများက ရိပ်မိသွားမှာစိုးလို့ “ လမ်းဖယ်ပေးကြ … အိမ်ထဲမှာပဲ နေကြ”ဆိုပြီး အော်ပြောသံကိုလည်း ကြားရပါတယ်။ ဒီဗွီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့မှုနဲ့ပတ်သက်ပြီး၊ ရဲတပ်ဖွဲ့အပေါ်မှာ အများပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့သလို၊ သက်ဆိုင်ရာ ရဲစခန်းအတွက်လည်း သိက္ခာ အကြီးအကျယ် ကျခဲ့ရပါတယ်။

 

ဒီဗွီဒီယိုကို ကြည့်ရှုသူ (၅.၂၆)သန်းအထိ ရှိခဲ့ပြီး၊ Jefferson Parish Sheriff ရဲတပ်ဖွဲ့မှ အကြီးအကဲတွေကလည်း ချက်ချင်း ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ သူတို့ ကြေညာချက်မှာ အခုဗွီဒီယိုကို သက်သေအဖြစ် ယူဆောင်ပြီး၊ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးနေကြောင်း၊ Third parties မှလူတစ်စု ပါဝင်ပတ်သက်နေပြီး၊ ဒါကို ရဲဘက်ကလည်း မရိုးမသား လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ကို ရှုံ့ချပါကြောင်း ကြေညာခဲ့တာပါ။

အခင်းဖြစ်ရာမှာ သိမ်းဆည်းခဲ့တယ်ဆိုတဲ့ အိတ်ထဲမှာလည်း အဖြူမှုန့်တွေပါပေမယ့် မူးယစ်ဆေးမဟုတ်ကြောင်း၊ ဖမ်းခံရသူက ပါးစပ်နဲ့ကိုက်ပြီး တိုက်ခိုက်ခဲ့လို့ ရဲတစ်ဦး ဆေးကုသမှု ခံယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဖမ်းခံရသူကို ချက်ချင်း ပြန်လွှတ်ပေးခဲ့ပြီး၊ ရဲကို တိုက်ခိုက်ခဲ့မှုအတွက်တော့ အမှုဖွင့်ခံရမယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလုပ်ရပ်က ရဲတပ်ဖွဲ့အတွက် အလွန်ရှက်စရာ ကောင်းလွန်းနေပါတယ်။

လင်းသူရိန်

SHARE