လူနာတွေကို ဦးစားပေးရင်း ကိုယ်ပိုင်ဝေဒနာတွေကို မေ့ထားတဲ့ဒေါက်တာ၊ ခွဲစိတ်မှုခံယူခဲ့ရ

QQ/NetEase

ဒေါက်တာဖြစ်ရတာ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းဖြစ်ရတာ တော်ရုံလွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ လူနာတွေကတော့ ဆေးရုံဆေးပေးခန်းတစ်ခုကို ရောက်လာတာနဲ့ သူတို့ရဲ့ ရောဂါအခြေအနေတွေကို အမြန်ဆုံးစစ်ဆေး ကုသစေချင်ကြတာ ရိုးရှင်းတဲ့ အတ္တတစ်ခုပါဘဲ။ ဒေါက်တာတွေဟာ ဘယ်သူ ရောက်လာသည်ဖြစ်ဖြစ် မိမိ ကျန်းမာရေးကို ဂရုမစိုက်နိုင်အားပဲ ကုသမှုတွေ ပေးရပါတယ်။

ဒီလို လူနာတွေကို ဦးစားပေးရင်းနဲ့ သူတို့ဟာ ကိုယ်ပိုင်ဝေဒနာတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး၊ နောက်ဆုံး မရှူနိုင်မကယ်နိုင်ဖြစ်ချိန်မှ အရေးပေါ်အမြန်ဆုံးနည်းတွေနဲ့ ကုသရတာမျိုးတွေ ရှိတတ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံ၊ Huai’an က Pancreatic surgeon တစ်ဦးဖြစ်တဲ့ ဒေါက်တာ Lui ရဲ့အဖြစ်ကို ကြည့်ပါဦး။

QQ/NetEase

သူဟာ ခါးမခံရပ်နိုင်အောင် နာနေတာ ကာလအတော်ကြာနေပါပြီ။ လူနာတွေကို ဦးစားပေးကုသရင်းနဲ့ သူရဲ့ကိုယ်ပိုင်ဝေဒနာတွေကို မေ့မေ့ပျောက်ပျောက် ပစ်ထားသလို ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၂၈)ရက်၊ ည (၆)နာရီလောက်မှာ အရေးပေါ်ခွဲစိတ်လူုနာ ရောက်လာလို့ သူဟာ ခွဲစိတ်ဖို့အတွက် ရှေးဦးပြင်ဆင်မှုတွေ အမြန်လုပ်ခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ Lui ရဲ့ခါးဟာ ဓားနဲ့ထိုးသလို တစ်စစ်စစ် နာကျဉ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာ Lui ဟာ သူ့ဝေဒနာကို ကြိတ်မှိတ်သည်းခံပြီ၊ လူနာကို ကုသနိုင်ရေး ဆက်လက်ပြင်ဆင်ခဲ့ရပါတယ်။ သူဟာ အချိန်ဒီထက်ပိုပြီး ကြာကြာ တောင့်မခံနိုင်ဘူးဆိုတာ သိတဲ့အတွက် အမြန်ပြင်ဆင်နေခဲ့တာပါ။

သူရဲ့ကြိုးစားမှုကြောင့် အရေးပေါ်လူနာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာ Lui ကတော့ တင်ပါးတစ်ခုလုံး ဆွဲတင်းခံထားရသလိုဖြစ်ပြီး အောက်ပိုင်းလှုပ်ရှားလို့မရတော့တဲ့အပြင် ဝမ်းဗိုက်ကလည်း မခံရပ်နိုင်အောင် နာကျင်လာခဲ့တဲ့အတွက် လုပ်ဖော်ကိုင်ဘက် ဒေါက်တာတွေက ဆီးလမ်းကြောင်းဌာနကို အမြန်ပို့ပေးခဲ့ရကြောင်း SouthChinaMorningPost သတင်းစာက ဖော်ပြခဲ့ပါတယ်။

QQ/Sinchew

သူ့ကို စစ်ဆေးမှုတွေလုပ်နေချိန်မှာတောင် ဒေါက်တာ Lui ဟာ ခွဲစိတ်ယူနီဖောင်းကို မချွတ်ရသေးပါဘူး။ (၁)စင်တီရှိတဲ့ ဆီးကျောက်ဟာ ဆီးလမ်းကြောင်းမှာ တစ်စို့နေတယ်လို့ သိရပါတယ်။ ဒါဟာ ရောဂါပိုးဝင်မှုနဲ့ ဆီးလမ်းကြောင်း အဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ သူ့ကို အရေးပေါ်ခွဲစိတ်ကုသဖို့ ဒေါက်တာတွေက ဆုံးဖြတ်လိုက်ပါတယ်။

Lui ရဲ့ခွဲစိတ်မှုဟာ ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး၊ မကြာခင်မှာ Lui တစ်ယောက် ပုံမှန်အလုပ်တွေ ပြန်လုပ်နိုင်မှာလို့ သိရပါတယ်။ တရုတ်လူမှုကွန်ရက်မှာတော့ ဒေါက်တာ Lui ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အများပြည်သူက ဂုဏ်ပြုပြောဆိုနေကြပြီး၊ အမြန်ပြန်ပြီး ကျန်းမာစေဖို့ ဆုတောင်းပေးသူတွေလည်း ရှိနေပါတယ်။

လင်းဇော်ကို

SHARE