ကလေးဆော့တဲ့ကားထဲ မကြီးမငယ် ဝင်ဆော့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ အမျိုးသမီး

အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ကလေးတွေဆော့တဲ့ ကားထဲကို ရယ်စရာအနေနဲ့ ဝင်ပြရင်းနဲ့ ချုပ်နှောင်ခံလိုက်ရသလို ထွက်မရဘဲ ဖြစ်နေခဲ့ပါတယ်။ အမျိုးသမီးရဲ့နာမည်ကတော့ Zoe Archibald ဖြစ်ပြီး သူမ ကာလေးထဲကနေ ထွက်ဖို့ အခက်အခဲဖြစ်နေပုံကို တူဖြစ်သူက ဗွီဒီယို ရိုက်ယူခဲ့တာပါ။

သူမဟာ တစ်နာရီလောက် ကြာအောင် ကားထဲကနေ လွတ်အောင် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ကားကို တစ်စစီဖျက်ဆီးပစ်လိုက်ကာမှ လွတ်ကင်းပါတော့တယ်။ Zoe ရဲ့ ဖခင်က ကားကို ပေါင်မုန့်လှီးတဲ့ဓားလေးနဲ့ တစ်စစီ ဖျက်စီးလိုက်ကာမှ Zoe ခမျာ လွတ်မြောက်ခဲ့ရတာပါ။

Matthew Shepherd-Bull/SWNS
Matthew Shepherd-Bull/SWNS

Zoe ရဲ့ တူဖြစ်သူ Matthew Shepherd-Bull (၂၆)နှစ်က “ သူမဘာသာ ဒီထဲကနေ ထွက်မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး … ”လို့ ပြောခဲ့ပါတယ်။ Zoe ရဲ့ဖခင် Kevin ကတော့ စိတ်ရှည်လက်ရှည်ပဲ သမီး လွတ်အောင် ကားရဲ့အစိတ်အပိုင်းတွေကို ဖြတ်တောက်ပေးခဲ့ပါတယ်။

Matthew  က “ ကျွန်တော့်အဒေါ် တစ်နာရီလောက် ညပ်နေခဲ့တာ … လွတ်ဖို့ဆိုရင်တော့ အကုန်လုံးကို ဖြတ်တောက်ပစ်မှ ရမှာလေ … အားလုံးအတွက်တော့ ရယ်စရာ ဖြစ်ခဲ့ရပါတယ် … ဒါပေမယ့် Zoe ကတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်သောက်ခဲ့ရတာလေ … သူမကလည်း ဟာသအဖြစ် ရည်ရွယ်ပြီး လုပ်ခဲ့တာကိုး ”လို့ ပြောပါတယ်။

Matthew Shepherd-Bull/SWNS

သူက ဆက်လက်ပြီး “ ကားကို ဖြတ်ဖို့ လွှကလည်းမရှိတော့ အကောင်းဆုံး လက်နတ်က ပေါင်မုန့်လှီးတဲ့ဓားပဲ ရှိတယ် .. ဒါကြောင့်လည်း ကြာသွားတာ … ဖြတ်တာတောက်တာကတော့ (၁၅)မိနစ်လောက်ပဲ ရှိပါတယ် .. သူမဘာသာ လွတ်အောင် လုပ်နေတဲ့အချိန်နဲ့ပေါင်းရင် တစ်နာရီလောက် ရှိတယ် ”လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

Zoe တို့ မိသားစုဟာ စကော့တလန်၊ Brechin, Angus မှာ နေထိုင်ကြပြီး၊ မိသားစုစုံညီစားပွဲမှာ ဟာသတွေလုပ်ရင်းက အခုလို ဖြစ်သွားခဲ့တာပါ။ အစကတော့ မီးသတ်ရဲဘော်တွေ ခေါ်ဖို့အထိ စဉ်းစားခဲ့သေးပေမယ့် သူမ ဖခင်ရဲ့ လုပ်ဆောင်မှုကြောင့် မခေါ်ကြတော့ပါဘူး။

လင်းသူရိန် (Shwemom)

SHARE