လူ(၁၁)ဦး အစုလိုက် အဆုံးစီရင်ခဲ့တဲ့အိမ်ကိုမှ ငှားရမ်းနေထိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ မိသားစု

Twitter/Chundawat

(၂၀၁၈)ခုနှစ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရဲ့ နာမည်ကျော် အစုလိုက်အပြုံလိုက် အဆုံးစီရင်မှုကြီးလို့ သတ်မှတ်ခံရတဲ့ မိသားစုဝင်(၁၁)ဦး နေအိမ်တစ်ခုအတွင်းမှာ အစုလိုက်အပြုံလိုက် သေဆုံးနေမှုဟာ ယနေ့ထက်တိုင် လက်သည်တရားခံ မဖော်ထုတ်နိုင်သေးတဲ့အဖြစ်ပါ။ အဲဒီအမှုအခင်းဖြစ်သွားတဲ့ အိမ်ကြီးကို ဒီမတိုင်ခင်က ငှားရမ်းမယ့်သူ ဘယ်သူမှ မရှိခဲ့ပါဘူး။

အိမ်ရှင်က Burari ရပ်ကွက်မှာရှိတဲ့ ဒီအိမ်ကြီးကို ယခင်က မိမိလိုချင်တဲ့ဈေးထက် အဆပေါင်းများစွာ ဈေးချပြီး ရောင်းဖို့ ကြိုးစားခဲ့သော်လည်း ဝယ်လက်မပေါ်ခဲ့လို့ ဦးနှောက်ခြောက်နေချိန်၊ သရဲတစ္ဆေတွေကို မယုံဘူးဆိုတဲ့လူတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူကပဲ အဲဒီအိမ်ကြီးကို ကိုယ်ပေးချင်တဲ့ အိမ်လခနဲ့သင့်တော်တယ်ဆိုပြီး ငှားရမ်းခဲ့တာဖြစ်ကြောင်း Indian Express သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒီအိမ်ကြီးဟာ အစုလိုက်အပြုံလိုက် သေဆုံးသွားတဲ့ မိသားစုဝင်တွေရဲ့ ဝိဉာဉ်တွေက မကျွတ်သေးဘဲ ခြောက်လှန့်တယ်ဆိုပြီး နာမည်ကြီးနေပါတယ်။ ဒေသခံတွေဟာ အဲဒီအိမ်ကြီးအနားကို ကပ်တောင်မကပ်ကြပါဘူးတဲ့။ ဒါပေမယ့် အိမ်ငှားအသစ်ဖြစ်တဲ့ ရောဂါရှာဖွေရေးဆရာဝန် Dr Mohan Kashyap နဲ့ မိသားစုကတော့ အိမ်ကို သဘောကျနေပါတယ်။

Twitter/Chundawat

ဒေါက်တာ Mohan က “ ကျွန်တော်ကတော့ သရဲတစ္ဆေဆိုတာ ယုံကိုမယုံဘူး .. ဒီအိမ်ကြီးက ကျွန်တော့် ဝင်ငွေနဲ့ သင့်တင့်လျှောက်ပတ်တဲ့ အိမ်တစ်ခုဖြစ်တယ် … ပေးရမယ့်ဈေးနဲ့ တန်တယ် ”လို့ ပြောပါတယ်။ သေဆုံးသူ မိသားစုဝင်တွေထဲက အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်တဲ့ Dinesh Singh Chundawat က ဒီအိမ်ကြီးကို ဆက်ပြီး ပိုင်ခဲ့တာပါ။

Dinesh ဟာ ဒီနှစ်ထပ်တိုက်ခံအိမ်ကြီးကို ရောင်းလိုနေပါတယ်။ အထူးသဖြင့်တော့ အိမ်ကြီးက ဆိုးရွားတဲ့သမိုင်းရှိခဲ့လို့ပါ။ ဒါပေမယ့် ဘယ်သူကမှ အိမ်ကို ဝယ်ဖို့ လာစုံစမ်းတာမျိုး မရှိသေးချိန် ဒေါက်တာ Mohan တို့ မိသားစုက တစ်လကို ရူပီး (၂၅၀၀၀)နဲ့ ငှားဖို့သဘောတူခဲ့တာပါ။

ဒီအိမ်ကြီးမှာ (၂၀၁၈)ခုနှစ် ဇူလိုင်တုန်းက Chundawat မိသားစုဝင် ဒါဇင်ကျော်အနက် (၁၁)ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ (၉)ဦးမှာ ကြိုးဆွဲချ သတ်သေခဲ့တာဖြစ်ပြီး၊ ကျန်(၂)ဦးကတော့ နေအိမ်ရဲ့ သီးခြားနေရာတွေမှာ သေဆုံးနေခဲ့တာပါ။ နောက်ပြီး သေတမ်းစာလိုလို၊ သိုက်စာလိုလို ထူးဆန်းတဲ့စာတွေကိုလည်း ရေးထားခဲ့ပါတယ်။

Twitter/Chundawat

ဒါပေမယ့် ရဲနဲ့စုံထောက်တွေကတော့ ဒီအစုလိုက်အပြုံလိုက် သေဆုံးမှုဟာ သတ်သေမှုမဟုတ်ဘဲ လူသတ်မှုဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သေဆုံးသူတွေရဲ့မျက်နှာတွေကို အဝတ်တွေနဲ့ စည်းနှောင်ထားတာဖြစ်ပြီး၊ သတ်ပြီးမှ ဆွဲကြိုးချ သေသယောင် ဖန်းတီးထားတာပါ။ လူသတ်မှုလို့ ပြောရခြင်းအကြောင်းက ချည်ထားတဲ့ကြိုးတွေဟာ တစ်ပုံစံတည်း ဖြစ်နေတာပါဘဲ။

နောက်ပြီး သေဆုံးသူတွေရဲ့ လက်ဗွေရာမဟုတ်တဲ့ အခြားလက်ဗွေရာတွေ၊ DNA သက်သေတွေကိုလည်း ရဲဘက်က စုဆောင်းထားနိုင်ခဲ့ပေမယ့် ယနေ့အချိန်ထိ တရားခံ ဘယ်သူဘယ်ဝါရယ်လို့ မသိရသေးပါဘူး။ တရားခံဟာ တစ်ဦးတည်း မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။

လင်းသုတ

SHARE