အချစ်တော်ခွေးလေးကို ကိုယ်ပွားပုံတူ ပြန်ရဖို့ ဒေါ်လာ(၅)သောင်းအထိ သုံးခဲ့တဲ့မိသားစု

YouTube/CBS58

မိသားစုတစ်စုဟာ သူတို့ရဲ့အချစ်တော်ခွေးရဲ့ ကိုယ်ပွားပုံတူ (Clone)ပြန်ရဖို့ ဒေါ်လာ (၅၀၀၀၀)အထိ အသုံးပြုခဲ့ကြောင်း သိရပါတယ်။ သူတို့ဟာ သေဆုံးသွားတဲ့ အချစ်တော်ခွေးလေးကို အလွန်ချစ်မြတ်နိုးတာကြောင့် အဲဒီလိုခွေးလေးတစ်ကောင် ပြန်လည်ရယူဖို့ ဆန္ဒရှိခဲ့တာပါ။ အဲဒီစုံတွဲဟာ အမေရိကန်မှာ နေထိုင်ပြီး Alicia နဲ့ David Tschirhart လို့ အမည်ရပါတယ်။

ဒါကြောင့် David တို့ စုံတွဲဟာ ပုံတူမျိုးပွားခြင်းအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီနဲ့ ဆက်သွယ်ခဲ့ပြီး၊ သေဆုံးသွားတဲ့ သူတို့ရဲ့ Labrador ခွေးလေးအတိုင်း ပုံတူပွားခိုင်းခဲ့တာပါ။ မျိုးဗီဇပုံတူမျိုးပွားခြင်းဟာ အခုအခါမှာ အောင်မြင်နေပြီဖြစ်ပြီး၊ (၁၉၉၆)ခုနှစ်ကနေ စတင်မိတ်ဆက်ခဲ့တဲ့ မျိုးဗီဇနည်းပညာ ဖြစ်ပါတယ်။

David တို့အတွက်တော့ သူတို့ရဲ့ခွေးလေးလို ပုံတူရနိုင်ဖို့ ဒေါ်လာ (၄၇၈၀၀)အထိ အသုံးပြုခဲ့ရပြီး၊ ဒါဟာ ငွေကို အကျိုးရှိရှိ အသုံးချခြင်းသာဖြစ်ကြောင်း သူတို့စုံတွဲက ယုံကြည်နေပါတယ်။ သေဆုံးသွားတဲ့ ခွေးလေးအမည်ကတော့ Marley ဖြစ်ပါတယ်။ Marley ဟာ Alicia ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ခွေးလေးပါ။

YouTube/CBS58

တစ်ခုသော တောင်တက်ခရီးစဉ်မှာ မြေတစ်ကောင်ကို တုတ်ချောင်းထင်မှတ်ပြီး သူမက ဆွဲယူဖို့ ကြိုးစားခဲ့စဉ်၊ Marley က လက်သည်းတွေနဲ့ ကုတ်ခြစ်ပြီး သတိပေးခဲ့ပါတယ်။ အဆိပ်ပြင်းလှတဲ့ ခလောက်မြွေကြီး ဖြစ်နေလို့ Alicia တစ်ယောက် Marley ပေးတဲ့အသက်သာ ရှိပါတော့တယ်။ အဲဒီကတည်းက Marley ဟာ အချစ်တော်ဖြစ်လာခဲ့တာပါ။

ဒါပေမယ့် Marley ဟာ လွန်ခဲ့တဲ့ (၅)နှစ်က ကင်ဆာနဲ့သေဆုံးသွားတဲ့အတွက် Alicia ဟာ ခွေးမလေးကို သံယောဇဉ်မဖြတ်နိုင်တာကြောင့် ပုံတူပွားဖို့ David က ဆုံးဖြတ်ခဲ့တာပါ။ သူတို့ရဲ့ကလေးတွေကလည်း Marley နဲ့အတူတူ ကြီးပြင်းခဲ့တာမို့ ဒီလို ခွေးမလေးတစ်ကောင် ပုံစံတူ လိုချင်နေကြတယ်လို့ ဆိုပါတယ်။

 

ပုံတူမျိုးပွားဖို့ လိုအပ်တာကတော့ ပုံတူမျိုးပွားချင်တဲ့ သတ္တဝါကို မသေခင်၊ ဒါမှမဟုတ် သေပြီးသိပ်မကြာခင်မှာ Biopsy လုပ်ဖို့ လိုပါတယ်။ သူတို့ လိုအပ်တဲ့ဆဲလ်တွေ ရရှိတဲ့အခါ ယင်းဆဲလ်ကို အမမျိုးဥနဲ့ ပေါင်းစပ်ရပါတယ်။ ကျန်ရှိတဲ့အပိုင်းကိုတော့ သဘာဝတရားက သူ့ဘာသာသူ အချိန်တစ်ခုအတွင်း တည်ဆောက်သွားတာပါ။

ဒါပေမယ့် အားနည်းချက်၊ ချို့ယွင်းချက်တွေ ရှိနိုင်လို့ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ Humane Society of the United States ရဲ့အဆိုအရ ပုံတူဖန်တီးထားတဲ့သတ္တဝါတွေ တော်တော်များများဟာ သန္ဓေဆောင်နေချိန်မှာ ပျက်စီးခြင်း၊ ဒါမှမဟုတ် မွေးဖွားချိန်မှာ သေဆုံးခြင်း စတဲ့အားနည်းချက်တွေ ရှိနေပါတယ်။ အခု ပုံတူပွားပြီး ရလာတဲ့ခွေးလေးကိုတော့ David တို့က Ziggy လို့ အမည်ပေးထားပါတယ်။

လင်းသုတ

SHARE