မီးတောင်ပေါက်ကွဲမှု ချော်ရည်ပူတွေထဲကနေ အံ့အားသင့်ဖွယ် ရှင်သန်ရုန်းထလာခဲ့တဲ့ အမျိုးသမီး

Instagram/MarkInman

 မီးတောင်ပေါက်ကွဲမှုကနေ အံ့အားသင့်ဖွယ် ရှင်သန်လွတ်မြောက်လာခဲ့တဲ့ အမျိုးသမီးလေးတစ်ယောက်ကတော့ လူငယ်တွေအတွက် စံထားစရာ ဖြစ်ခဲ့ပါတယ်။ ဘဝမှာ အသက်ဘေးနဲ့ ကြုံနေရင်တောင်မှ ငါ မဖြစ်မနေ ရှင်သန်မှရမယ်ဆိုတဲ့ အားတင်းမှုဟာ လူတိုင်းလိုအပ်ပါတယ်။

အဲဒီကောင်မလေးအမည်ကတော့ Stephanie Browitt ဖြစ်ပြီး၊ အသက်(၂၃)နှစ်ပါ။ နယူးဇီလန်နိုင်ငံက Whakaari သို့မဟုတ် White Island မီးတောင်ဆီကို ဖခင်ရယ်၊ သူမရဲ့ညီမလေးတို့ရယ်နဲ့အတူ Day Trip ထွက်လာခဲ့ရာမှ ကံဆိုးမိုးမှောင် ကျခဲ့တာပါ။ မီးတောင် ပေါက်ကွဲတာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံခဲ့ရကြောင်း The Sun သတင်းစာ ဖော်ပြခဲ့ပါတယ်။

ဒီမီးတောင်ပေါက်ကွဲမှုမှာ ညီမလေး Krystal ဖခင်ဖြစ်သူ Paul တို့ကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။ ညီမလေးက နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး၊ ဖခင်ဖြစ်သူ Paul ကတော့ ရရှိတဲ့ဒဏ်ရာတွေကို တစ်လကြာ တောင့်ခံရင်းမှ ဆုံးပါးသွားခဲ့တာပါ။ Stephanie တို့ မိသားစုဟာ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ဇာတိ ဖြစ်ကြပါတယ်။

သူတို့ဟာ White Island မီးတောင်ဆီကို  Krystal ရဲ့ (၂၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ အပျော်စီးဇိမ်ခံသင်္ဘောကြီးနဲ့ သွားရောက်ခဲ့ကြတာဖြစ်ပြီး၊ ခရီးက တကယ်တမ်းတော့ အနိဋ္ဌာရုံမြင်ကွင်းတွေကိုသာ ဆောင်ကျဉ်းလာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ဖြစ်ခဲ့တဲ့ ဒီအဖြစ်ဆိုးမှာ လူ(၂၁)ဦး သေဆုံးခဲ့ရတာပါ။ Stephanie ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမဒဏ်ရာရရှိခဲ့ပုံ မှတ်တမ်းဓာတ်ပုံတွေကို အများပြည်သူသိအောင် ထုတ်ပြန်ခဲ့ပါတယ်။ ကနဦးတုန်းကတော့ သူမဟာ ဆိုးရွားတဲ့ ဒဏ်ချက်တွေကြောင့် လူတွေမမြင်အောင် ပုန်းကွယ်ပြီး နေချင်ခဲ့တယ်လို့ ဆိုပါတယ်။

https://www.instagram.com/p/B-BywfIJ6B7/

READ
သမီးလေးကြောင့် ဆေးသမားအဖြစ်ကနေ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ အမျိုးသမီး

Stephanie ရဲ့အဆိုအရ ဖေဖော်ဝါရီလတုန်းက သူမ အရေပြားခွဲစိတ်မှု ခံယူခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ခွဲစိတ်ကုသဖို့တွေ လိုအပ်နေဆဲဖြစ်ပြီး၊ လမ်းလျှောက်ရတာကလည်း အလွန်နာကျင်လို့ လက်လျှော့ချင်လောက်အောင် ဖြစ်ရတယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ ဘဝမှာ တစ်ခါမှ မဖြစ်ဘူးတဲ့ စိတ်ဓာတ်ကျဆင်းမှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်တလော မသေဘဲ အသက်ရှင်သန်ခွင့်ရနေတာကိုက သူမအတွက် လုပ်စရာရှိတဲ့အလုပ်တွေကို စွမ်းဆောင်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

“ အခု နာကျင်နေရတာတွေထက် ဖေဖေနဲ့ ညီမလေးကို ဆုံးရှုံးရတဲ့နာကျင်မှုက အများကြီး အများကြီး ပိုပါတယ် ”လို့ သူမက ပြောပါတယ်။ လူသားတစ်ယောက် ဖြစ်တည်မှုနဲ့ ပျောက်ကွယ်မှုကြားမှာ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်နိုင်သူတွေသာ တခြားသူတွေထက် ပိုပြီး ရှင်သန်ချိန်ပိုကြာကြပါတယ်။ ဒီလိုပဲ ငါ မဖြစ်မနေ အသက်ရှင်ရမယ်ဆိုတဲ့ အားတင်းမှုဟာ လူတိုင်းအတွက် အရေးကြီးတယ်ဆိုတာ သူမက သက်သေပြနေပါတယ်။

လင်းသူရိန်

SHARE