ဆိုရှယ်မီဒီယာကြောင့် သုံးမြွှာပူးမွေးချင်းတွေထဲက တစ်ဦးဖြစ်ကြောင်း သိလိုက်ရတဲ့အမျိုးသမီး

Twitter/nabila az-zahra

အသက်(၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ကတော့ ဆိုရှယ်မီဒီယာရဲ့ကျေးဇူးကြောင့် သူမဟာ အမြွှာမွေးချင်း(၃)ဦးအနက်မှ တစ်ဦးဖြစ်ကြောင်းကို ဖော်ထုတ်သိရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ကောင်မလေးဟာ လူမမယ်အရွယ်မှာပဲ တစ်ခြားမိသားစုက မွေးစားခြင်းကို ခံလိုက်ရပြီး၊ ဒီအသက်အရွယ်အထိ သူမဟာ အဲဒီအကြောင်းတွေကို မသိခဲ့ရပါဘူး။

အဲဒီကောင်မလေးဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီတောင်ပိုင်း၊ Gowa မှာ နေထိုင်ပါတယ်။ သူမရဲ့အမည်မှာ Nabila Az-Zahra ဖြစ်ပါတယ်။ သူမဟာ လူမှုကွန်ရက်အသုံးပြုစဉ်မှာ လိုင်းပေါ်က သိတဲ့သူငယ်ချင်းတွေက သူမကို တစ်ခြားအကောင့်သုံးလားလို့ ခဏခဏ မေးကြပါသတဲ့။ မသုံးဘူးလို့ ပြောတော့ … သူမနဲ့ ရုပ်ချင်း တထေရာတည်းတူတဲ့ ကောင်မလေးတစ်ယောက်ကို ပြခဲ့ကြပါတယ်။

Twitter/nabila az-zahra

Nabila ဟာ ကနဦးတုန်းကတော့ သူမဟာ ပုံမှားရိုက်နေတဲ့လူတစ်ယောက်ရဲ့ သားကောင် ဖြစ်ခဲ့ရပြီလို့ တွေးပြီး ကြောက်လန့်နေခဲ့ပါတယ်။ သူမလို ချွတ်စွပ်တူတဲ့လူတစ်ယောက် ထူးဆန်းစွာ တည်ရှိနေမှန်း သိလိုက်ရတဲ့အခါ နောက်ဆုံးတော့ Nabila ထံကို အဲဒီကောင်မလေးကိုယ်တိုင် မက်ဆေ့ပို့ပြီး ဆက်သွယ်လာပါတယ်။

သူမက “ ဇန်နဝါရီ(၇)ရက်က ကျွန်မ အင်စတာဂရမ်က မက်ဆေ့ဘောက်စ်ကို စစ်လိုက်တယ် … Nadya လို့ အမည်ရတဲ့ ကောင်မလေးက ပို့လာတာပါ … သူမက မေးတယ် .. ကျွန်မတို့ ရုပ်ချင်းတူတယ်လို့ မထင်ဘူးလားတဲ့ … ကျွန်မက ဗွီဒီယိုကော ခေါ်တာ အကောင်းဆုံးလို့ ပြောလိုက်တယ် .. ”လို့ ရေးထားပါတယ်။ ဗွီဒီယိုကော ခေါ်မှ သူမ ပိုပြီး အံ့သြခဲ့ရတယ်လို့ Nabila က ပြောပါတယ်။

သူမတို့နှစ်ယောက်ဟာ ဗွီဒီယိုကော ပြောနေရင်းနဲ့ အရပ်အမြင့်၊ အလေးချိန်၊ ကြိုက်နှစ်သက်တဲ့အရောင်၊ ကြိုက်နှစ်သက်တဲ့ ဖျော်ရည် စသဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေ မေးခဲ့ကြပါတယ်။ (၉၀)%အထိ အခြေခံအချက်တွေ တူညီနေပါတယ်။ နောက်ဆုံးတော့ မိဘအရင်းတွေဖြစ်တဲ့ Ramli နဲ့ Johra တို့က သူတို့က အမြွှာတွေလို့ အတည်ပြုခဲ့ပါတယ်။

 

သူတို့ လင်မယားနှစ်ယောက်မှာ သုံးမြွှာပူးမွေးခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊ ထိုစဉ်က စီးပွားရေးနဲ့ လုပ်ငန်းကိုင်ငန်း အဆင်မပြေလို့ ကလေး(၃)ဦးစလုံးကို စောင့်ရှောက်ဖို့ အဆင်မပြေလို့ တစ်ဦးကိုသာ ခေါ်ထားပြီး၊ ကျန်နှစ်ဦးကို မွေးစားဖို့ ပေးလိုက်ရပါသတဲ့။ Nabila ကလည်း သူမရဲ့ ငယ်ဘဝအကြောင်းကို သိသင့်တာတွေ သိလိုက်ရလို့ ဝမ်းလည်းဝမ်းသာ ဝမ်းလည်း ဝမ်းနည်းခဲ့ပါသတဲ့။

သူမ မွေးဖွားစဉ်က အမြွှာ(၃)ယောက်ထဲမှာ အသေးဆုံးဖြစ်ပြီး၊ (၃)ပေါင်သာရှိကြောင်း၊ သေလုမြောပါးဖြစ်နေပြီး၊ သူမရဲ့ ညီမ Nadya ကို ပြန်တွေ့ရလို့ အလွန်ကြည်နူးမိတယ်လို့ ပြောပါတယ်။ သူတို့ညီမနှစ်ယောက် DNA စစ်ဆေးမှု လုပ်ထားပြီးပြီလားဆိုတာတော့ သတင်းမှာ တိတိကျကျ မဖော်ပြထားပါဘူး။ နောက်ပြီး တစ်ခြားအမြွှာက မိန်းကလေးလား ယောက်ျားလေးလား၊ သူတို့ရဲ့ မွေးချင်းအမြွှာကို လူမှုကွန်ရက်မှာ ဆက်ရှာမလားဆိုတာလည်း သတင်းမှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။

လင်းသုတ

SHARE