ချစ်သူများနေ့မှာ ပေါင်(၂၅၀၀)လောက်မှ မသုံးရင်၊ ရည်းစားကို အဆက်ဖြတ်မယ့် အမျိုးသမီး

Instagram/JoeKyles

အမျိုးသမီးတစ်ယောက်ဟာ မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ချစ်သူများနေ့မှာ တစ်ခြားအမျိုးသမီးတွေလို လက်ဆောင်ပဏ္ဍာ ကောင်းကောင်းရဖို့ မျှော်လင့်ရင်း သတို့သားလောင်းကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူမဟာ ခင်ပွန်းလောင်းကို ချစ်သူများနေ့မှာ ပေါင် (၂၅၀၀)လောက်မှ မသုံးဘူးဆိုရင် အဆက်ဖြတ်မယ်လို့ ဆိုခဲ့တာပါ။

သူမဟာ အများရင်ခုန်ရတဲ့ ချစ်သူများနေ့မှာ သူမအနေနဲ့လည်း တခြားမျှော်လင့်မှုတွေ ရှိခဲ့ပြီး (၁၁)လောက်ကြိုပြီး ဒီနေ့မှာ ဘာတွေလုပ်ချင်တယ်၊ ဘယ်သွားချင်တယ်၊ ဘာစားချင်တယ် စတာတွေကို စာရင်းသက်သက် ပြုစုခဲ့ပါတယ်တဲ့။ သူမဟာ အသက်(၂၂)နှစ်အရွယ်သာရှိသေးပြီး ဘလက်ပူးမြို့မှာနေထိုင်ပါတယ်။

 

 

View this post on Instagram

 

Times moving so fast can’t believe it’s almost the year I’ll be marrying this one 8 months and counting

A post shared by JFK (@joe_kyles) on

ဖေဖော်ဝါရီ(၁၄)ရက်မှာ သူမ စိတ်ကူးထားတဲ့မျှော်လင့်ချက်တွေအတိုင်း ဖြစ်မလာဘူးဆိုရင်တော့ လက်ရှိသတို့သားလောင်းကို ဖြတ်ပစ်ဖို့ ဝန်မလေးသလို၊ သူ့ထက် ပိုကောင်းပိုတော်တဲ့လူတစ်ယောက်ကို ချက်ချင်း ကောက်တွဲဖို့လည်း တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးရဲ့အမည်ကိုတော့ Chantal လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သူမဟာ အပေါင်ခံခြင်းငွေချေးခြင်းဆိုင်ရာ အကြံပေးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေသူပါ။ ချစ်သူများနေ့မှာ သူမ လိုချင်တဲ့စာရင်းကို ခင်ပွန်းလောင်း Joe Kyles ထံ ပေးပို့ခဲ့ပြီး၊ မဖြစ်မနေ လိုက်လျှောပေးရမယ့် အရာတွေလို့ ဆိုပါတယ်။ ပေါင် (၂၅၀၀)လောက် တန်ဖိုးရှိပါတယ်။

လိုချင်တဲ့ အရာတွေထဲမှာ Flower bombing ခေါ်တဲ့ တောင်းဆိုမှုလည်း ပါဝင်ပါတယ်။ အမျိုးအစားစုံလင်လှတဲ့ ပန်းတွေကို ပြင်ဆင်ထုတ်ပိုးမှု အမျိုးမျိုးပြုလုပ်ပြီး စားပွဲပေါ်မှာ ဒါမှမဟုတ် နေထိုင်ရာ အခန်းအပြည့်မှာ ခင်းကျင်းဖို့ လက်ဆောင်ပေးတာမျိုးကို ဆိုလိုပါတယ်။ နောက်ထပ် တောင်းဆိုချက်မှာတော့ အခန်းတွေထဲမှာ နှင်းဆီပွင့်ဖက်တွေ ခင်းပြီး၊ အိပ်ယာထက်မှာပဲ မနက်စာ စားချင်တာလို့ ဆိုပါတယ်။

 

နောက်ပြီး အဲဒီနေ့မှာ သူမ အထူးတောင့်တနေတဲ့ အစားအစာ အမယ်သုံးမျိုးလည်း စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ ဒါတင်မကသေးဘဲ ချစ်သူများနေ့ မတိုင်ခင်မှာ ချစ်စရာကောင်းတဲ့ ညစာတည်ခင်းမှုတွေ အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ နောက်ပြီး ချစ်သူများနေ့ အမှတ်တရ Card တွေမှာ Joe အဖို့ သူမကို ဘယ်လိုချစ်ကြောင်း မြောက်မြောက်များများ ဆန်းဆန်းပြားပြား ရေးဖို့လည်း ပါပါတယ်။

Chantal က “ ကျွန်မ ငယ်ငယ်လေးကတည်းက  Valentine’s Day ဟာ ကျွန်မအတွက် ထူးခြားနေရမယ်ပေါ့ … ကလေးဘဝမှာကတည်းက ကျွန်မက ကျွန်မရဲ့မင်းသားလေးကို ကြိုတင်ပြီး ရှာနေခဲ့ပြီ … (၁၃)နှစ်မှာ Jack ဆိုတဲ့ ကောင်လေးနဲ့ ကျွန်မ တွဲတယ် ..

 

ကျွန်မအတွက် ပထမဆုံး  Valentine’s Day အတွေ့အကြုံမို့ စိတ်လှုပ်ရှားခဲ့တာပေါ့ … ဒါပေမယ့် ပန်းပွင့်အတုတွေနဲ့ သူ ကျွန်မကို အရူးလုပ်ခဲ့တယ် … ကျွန်မ အတော်လေး ကြေကွဲခဲ့ရတယ် ”လို့ ပြောပါတယ်။ ဒီလို အချိုးမပြေတဲ့ချစ်သူ မြောက်များစွာကိုလည်း သူမ နောင်တမရစွာနဲ့ လမ်းခွဲခဲ့ပြီးပြီလို့ ဆိုပါတယ်။

သူမက “ အသက်(၁၇)မှာ ဒီလိုနေ့မျိုးမှာ ကျွန်မကောင်လေးက ညစာစားရအောင် ခေါ်တယ် .. ဒါပေမယ့် KFC ဆိုင်ဖြစ်နေတယ် … သူ့အနေနဲ့ ဒီလိုအချိန်မှာ KFC က ကဗျာဆန်တယ်လို့ ဘာလို့စဉ်းစားမိလဲ နားမလည်နိုင်ခဲ့ဘူး … နောက် သူက ပြောတယ် … သူ့မှာ Free ဘောင်ချာ ရထားလို့တဲ့ … ကျွန်မလည်း အချစ်ရေးကို ကြက်တောင်ပံလေးတစ်ခုအတွက် အဆုံးသတ်လိုက်တယ် ”လို့ ပြောခဲ့ပါတယ်။

တတိယကောင်လေးကတော့ သူမကို ဂရုစိုက်ပါတယ်တဲ့။ ပန်းစည်းတွေ၊ လက်ဆောင်တွေ၊ ချောကလက်တွေနဲ့ ဟန်ရပန်ရပါဘဲ။ သို့သော်လည်း ချောကလက်က သေချာကြည့်လိုက်တော့ Date တော်တော် လွန်နေတာကြီး ဖြစ်နေခဲ့ပါတယ်တဲ့။ ပြောရရင် အဖိုးနည်းအိုးကွဲထဲကနေ ဝယ်လာပြီး သူမကို ဂျင်းထည့်ဖို့ကြိုးစားခဲ့တာပါ။

 

ပြီးခဲ့တဲ့နှစ်ကတော့ ခင်ပွန်းလောင်း Joe က ပေါင်(၄၀၀)တန် Christian Louboutin တံဆိပ်ဖိနပ်နဲ့၊ ပေါင် (၂၀၀) တန် နားဆွဲတွေ လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ နောက်ပြီး Five-star spa break အစီအစဉ်လည်း ပါဝင်ခဲ့ပြီး၊ အဲဒါအပြင် တန်ဖိုးကြီးဟော်တယ်မှာ ဈေးကြီးတဲ့ အစားအစာတွေ ဝယ်ကျွေးခဲ့ပါသေးတယ်။

အသက်(၂၆)နှစ်အရွယ် Joe ကတော့ သူ့ချစ်သူကို သိပ်ချစ်တာမို့ အခု Valentine’s Day အတွက်လည်း ချစ်သူကို စိတ်မပျက်စေလိုကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ ငွေ လုံလုံလောက်လောက် ရှိနေဖို့ အပိုထပ်ဆောင်းအလုပ်တွေကိုလည်း မငြီးမငြူလုပ်ပြီး ငွေဆုဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

လင်းသူရိန်

SHARE