ရာသီဥတု ပြောင်းလဲမှုအတွက် သြစတေးလျအစိုးရကို တရားစွဲဆိုခဲ့တဲ့ ကောင်မလေး

Twitter/MollyTownsend

သြစတေးလျနိုင်ငံက အသက်(၂၃)နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ဟာ ရာသီဥတုဆိုးဆိုးရွားရွား ပြောင်းလဲခြင်းအတွက် အစိုးရမှာ တာဝန်အပြည့်အဝရှိတယ်လို့ စွပ်စွဲပြီး၊ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

ကျောင်းသူလေးရဲ့အမည်ကတော့ Katta O’Donnell ဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားစွာ ပြောင်းလဲခြင်းမှာ အစိုးရနဲ့ ဘဏ္ဍာရေးဌာနမှာ အဓိကတာဝန်ရှိကြောင်း၊ ဒီလို ဆိုးရွားတဲ့အကျိုးသက်ရောက်မှုကို ရင်းနီးမြှုပ်နှံသူတွေ သိအောင်လုပ်ဖို့ အစိုးရဘက် ဝတ္တရားတွေ ပျက်ကွက်ခဲ့တယ်လို့ သူမက စွပ်စွဲခဲ့တာပါ။

သြစတေးလျမှာတော့ ရာသီဥတုပြောင်းလဲမှုကြောင့် အချုပ်အခြာအာဏာပိုင်အစိုးရကို တရားစွဲတာဟာ ဒါက ပထမဆုံးဖြစ်ပါတယ်။ နောက်ပြီး လူငယ်ထုကိုလည်း ပေါ့သေးသေးလို့ တွက်လို့မရတော့ဘဲ သူတို့တစ်တွေဟာ အနာဂတ်အတွက် ရာသီဥတုရဲ့သက်ရောက်မှုကို စိတ်ဝင်စားလာခြင်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

Twitter/MollyTownsend

Katta ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတိုင်းအတွက် အစိုးရအနေနဲ့ အတိအကျ ပြန်ပေးဆပ်ရမယ်လို့ တောင်းဆိုထားပါတယ်။ သူမရဲ့တောင်းဆိုချက်တွေထဲမှာ အစိုးရရဲ့ ရာသီဥတုဆိုင်ရာ ပေါ်လစီတွေပြောင်းလဲဖို့၊ ရင်းနီးမြှုပ်နှံမှုတွေမှာ အစိုးရဘက်က ထိခိုက်နစ်နာမှုတွေကို လျှော့ချနိုင်ဖို့အတွက် ပြင်ဆင်သင့်တာတွေ အကြံပေးထားပါတယ်။

Katta က UNILAD သတင်းစာနဲ့တွေ့ဆုံစဉ်မှာ သူမအနေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုတာ စိုးရိမ်စရာမဟုတ်ကြောင်းကို သတိတရမရှိခဲ့တာ အတော်လေး ကြာနေပြီလို့ ဆိုပါတယ်။ သူမဟာ Wurundjeri ကောင်တီ၊ Central Highlands of Victoria မှာ ကြီးပြင်းခဲ့ရသူပါ။

(၂၀၀၉)ခုနှစ်က တောမီးလောင်မှုမှာ လူပေါင်း (၁၇၃)ဦး သေဆုံးခဲ့ရပြီး၊ ယမန်နှစ်ကလည်း သြစတေးလျမှာ တောမီးအကြီးအကျယ် လောင်ခဲ့လို့ သစ်တောဧက ဟက်တာ(၁၁)သန်း ပျက်စီးခဲ့ပြီး၊ သားရိုင်းတိရစ္ဆာန် သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ …။ နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းကျိုးဆိုးပစ်တွေကို အစိုးရက တာဝန်ခံရမှာ မဟုတ်ပါလား။

Twitter/MollyTownsend

Katta ဟာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ဘယ်လောက်ကြီးမားကြောင်း စတဲ့ အတွေးအမြင်တွေကို ရှေ့နေ့တစ်ဦးဖြစ်တဲ့ David Barnden ရဲ့ ဟောပြောချက်တွေကတစ်ဆင့် နားရည်လည်လဲ့တယ်လို့ ဆိုပါတယ်။ David ဟာ သူမတို့ရဲ့တက္ကသိုလ်မှာ ဧည့်ပါမောက္ခတစ်ဦးပါ။

David ဟာ Environmental Justice Australia မှာ အကျိုးဆောင်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ဆိုင်တဲ့ ပျက်ကွက်မှုတွေအတွက် သြစတေးလျရဲ့အကြီးဆုံးဘဏ်ဖြစ်တဲ့ CAB ဘဏ်ကို ဦးဆောင်တရားစွဲဆိုသူတွေဘက်က ရှေ့နေအဖြစ်လည်း ရပ်တည်ခဲ့သူပါ။

လင်းသူရိန်

SHARE